
“ အခုက ဝယ်လိုအားနဲ့ ရောင်းလိုအားမှာ ရောင်းလိုအားကများနေသေးတဲ့သဘောဖြစ်တယ်။ ဒါဆိုရင် ဈေးတက်ဖို့က ဖြစ်နိုင်ချေနည်းတယ်။
၃၁၊ ဒီဇင်ဘာလ။
နိုင်ငံတကာ နှစ်သစ်ကူးကာလမှာ မတ်ပဲနဲ့ ပဲတီစိမ်း ပြည်ပအဝယ်တွေ ရပ်ထားကြတဲ့ အတွက် ပြည်တွင်းမှာပါ အရောင်းအဝယ်ပါးနေပါတယ်။
လက်ရှိမှာ မတ်ပဲဈေးဟာ တတင်းကို ငွေကျပ် ၈၀၀၀၀ နဲ့ ၉၀၀၀၀ ကြား ပေါက်နေပြီး ပဲတီစိမ်းကတော့ ငွေကျပ် ၁ သိန်းဝန်းကျင် ပတ်ချာလည်မှာ ပေါက်ဈေးနဲ့ ဈေးတန်းနေတာ ရက်အနည်းငယ်ကြာနေပါပြီ။
ဒါပေမယ့် ဇန်နဝါရီလအတွင်းမှာ အိန္ဒယနိုင်ငံက ဒီပဲတွေကို အသုံးပြုရတဲ့ ပွဲတော်တွေရှိနေတာကြောင့် ဈေးတက်လာဖို့ ဧရာဝတီတိုင်းက တောင်သူလယ်သမားတွေက မျှော်လင့်နေကြပါတယ်။
“ ခုဈေးနဲ့ကတော့ အထွက်မတိုးပဲ ပုံမှန်ပဲဆိုရင်တော့ မကိုက်ပါဘူး။ ပြီးခဲ့တဲ့ရက်ကဆို ဒီလောက်တောင် ဈေးမရဘူး။ ခုက ကျွန်တော်တို့က စိုက်သာစိုက်ရတယ် မမြတ်ရင်တောင် မရှုံးဖို့ကို ရှုံးရင်တောင် အရှုံးအကြီးဖို့ကို အမြဲဆုတောင်းနေရတယ် ” လို့ ဇလွန်မြို့နယ်မှာ နေထိုင်တဲ့ လယ်သမား ဦးတိုးက ပြောပါတယ်။
ဒါပေမယ့် လက်ရှိမှာ ဈေးကွက်အေးနေတာကြောင့် ပြည်တွင်းမှာ ပဲကျန်များနေတာနဲ့ ဓာတုဓာတ်ကြွင်းကျန်တဲ့ ကိစ္စတွေလည်း ရှိနေတာကြောင့် မြန်မာနိုင်ငံက ပဲတွေအနေနဲ့ ဈေးလှုပ်ခတ်ဖို့ မရှိနိုင်လောက်ဘူးလို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။
“ အခုက ဝယ်လိုအားနဲ့ ရောင်းလိုအားမှာ ရောင်းလိုအားကများနေသေးတဲ့သဘောဖြစ်တယ်။ ဒါဆိုရင် ဈေးတက်ဖို့က ဖြစ်နိုင်ချေနည်းတယ်။ နောက်တခုက အိန္ဒိယကိုပို့တာမို့ ဈေးတက်လာမလားဆိုတဲ့ မျှော်လင့်ချက်မှာလည်း ငွေပေါက်ဈေးက ဘယ်လောက်ဆိုတာလည်း ရှိသေးတယ် ” လို့ မြောင်းမြမြို့က ပဲကုန်သည်တဦးက ရှင်းပြပါတယ်။
တောင်သူလယ်သမားအများစုဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မိုးစပါး၊ ဆောင်းစပါး၊ ပဲ ရာသီတွေမှာ ဆက်တိုက်အရှုံးများခဲ့တာကြောင့် ယခု ပဲဈေးကိုမျှော်နေကြတာဖြစ်ပြီး အခု သွင်းအားစု ဈေးနူန်းတွေအရ မတ်ပဲကို ငွေကျပ် ၁ သိန်းဝန်းကျင်နဲ့ ပဲတီစိမ်းကို ငွေကျပ် ၁ သိန်း ၂ သောင်းဝန်းကျင်ထိ ရနိုင်မလားလို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။