ရွေးကောက်ပွဲ လုပ်ခွင့်မရတဲ့ သံတွဲမြို့နယ်ကို စစ်တပ်ကဗုံးကြဲလို့ လူခုနှစ်ဦးသေဆုံး

“သူတို့ကြိုးစားတယ်၊ ရခိုင်က ဂွတို့ သံတွဲတို့ကို ပြန်သိမ်းဖို့ လုပ်သေးတယ်လေ၊ ဒါပေမယ့် ဘယ်လိုမှ မရွေ့နိုင်တော့ ဘူး၊ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးဆိုတာသိတော့ ရွေးကောက်ပွဲမလုပ်တော့ဘူးဖြစ်သွားတာ။ အစကတော့ ပြန်သိမ်းနိုင်မယ် အထင်နဲ့ ရွေးကောက်ပွဲစာရင်းထဲ ထည့်ခဲ့တာပေ့ါ”

၃၀၊ဒီဇင်ဘာ။

စစ်ကော်မရှင်ဟာ ရခိုင်ပြည်နယ်ထဲက သံတွဲမြို့နယ်အပါအဝင် မြို့နယ်စုစုပေါင်း ၉ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ ဒီဇင်ဘာ ၂၈ ရက်နေ့က ကြေညာခဲ့ပြီးနောက်ပိုင်း နောက်တနေ့ ဒီဇင်ဘာ ၂၉ မှာ သံတွဲမြို့နယ်ထဲက ငပလီ၊လင်းသာရပ်ကွက်ကို ဂျက်လေယဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၇ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

“ကြွက်မနိုင် ကျီကို မီးရှို့ဆိုတဲ့စကားပုံတွေ ရှိတယ်လေ၊ အဲဒီလို လုပ်ခြင်းဟာ တပ်တော်(AA)ရဲ့ အောင်မြင်မှုကို ပြည်သူတွေ အယုံအကြည်မဲ့အောင် ပုံစံမျိုုးနဲ့ ခြိမ်းခြောက်တာလို့ မြင်တယ်။ သို့သော်လည်းပဲ ဒီနေရာမှာတော့ ကိုယ့်ပြည်သူတွေက ကြံ့ကြံ့ခံပြီးတော့ စစ်အုပ်စုကို တွန်းလှန်ရမယ်၊ တိုက်ခိုက်ရမယ်၊ တပ်တော်ကို ဝန်းရံပေးကြရမယ်လို့ မြင်ပါတယ်”လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

ညအချိန် ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေထဲမှာ  ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရွေးကောက်ပွဲ တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ ခုမှာ ကျင်းပမယ့်လို့ ကြေငြာထားခဲ့တဲ့ စစ်ကော်မရှင်ဟာ နယ်မြေထိန်းချုပ်မှုတွေ မရှိတော့တာ၊ လက်လွှတ်ထားရတဲ့နယ်မြေတွေ ပြန်မရနိုင်တော့တာတို့ကြောင့် ထပ်မံ လျော့ခဲ့ရပြီး တတိယအသုတ်ကို မြို့နယ် ၆၃ ခုမှာပဲ ကျင်းပတော့မယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲပထမအသုတ် ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာပဲ မြို့နယ်ကိုးခုကို ရွေးကောက်ပွဲကျင်းပမယ့်စာရင်းထဲကနေ ထုတ်ပယ်ကြောင်း ကြေငြာခဲ့တာပါ။ အဒီမြို့နယ်ကိုးခုဟာ အာရက္ခတပ် တော်(AA)က သိမ်းပိုက်ထားတဲ့ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်၊ တိုက်ပွဲဖြစ်နေ တဲ့ ချင်းပြည်နယ် တွန်းဇံ၊ ဖလမ်း၊ ထန်တလန်၊ စစ်ကိုင်း တိုင်း ကော့လင်းနဲ့ ဗန်းမောက်မြို့နယ်တို့ဖြစ်ပါတယ်။

အဲဒီမြို့နယ်ကိုးခုမှာ မဲဆန္ဒနယ်မြေပေါင်း ၂၀ ပါဝင်တာ တွေ့ရပါတယ်။ ဒါဟာ စစ်ကော်မရှင်တပ်အနေနဲ့ နယ်မြေ ဆုံးရှုံးမှုများ များနေတာ၊ လက်လွှတ်ထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ လမ်းစမရှိတော့တာကို ပြနေ တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

“သူတို့ကြိုးစားတယ်၊ ရခိုင်က ဂွတို့ သံတွဲတို့ကို ပြန်သိမ်းဖို့ လုပ်သေးတယ်လေ၊ ဒါပေမယ့် ဘယ်လိုမှ မရွေ့နိုင်တော့ ဘူး၊ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးဆိုတာသိတော့ ရွေးကောက်ပွဲမလုပ်တော့ဘူးဖြစ်သွားတာ။ အစကတော့ ပြန်သိမ်းနိုင်မယ် အထင်နဲ့ ရွေးကောက်ပွဲစာရင်းထဲ ထည့်ခဲ့တာပေ့ါ” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါ တယ်။

စစ်ကော်မရှင်ဟာ အခုလို ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့မြို့နယ်ကိုးခု လျော့ချလိုက်ရသလို ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့အတွင်းမှ ကျေးရွာအုပ်စု ဆယ်ချီအပါအဝင် အခြားသောပြည်နယ်နဲ့ တိုင်းတွေထဲ မှ ကျေးရွာအုပ်စုရာချီကိုလည်း ရွေးကောက်ပွဲကျင်းပမယ့် စာရင်းထဲက ပယ်ဖျက်ကြောင်း ကြေငြာထားပါသေး တယ်။

ရွေးကောက်ခံအရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာကို ငါးနှစ်တိုင် လုယူထားခဲ့တဲ့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ ကျင်းပမယ်လို့ ဆိုထားပြီး ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပခဲ့ကာ နေရာအားလုံးနီးပါးကို စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားတာ တွေ့ရပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဒုတိယအသုတ်ကို ပထမသုတ်အပြီး နှစ်ပတ်အကြာ  ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မှာ မြို့နယ်ပေါင်း ၁၀၀ အတွင်း ကျင်းပမှာဖြစ်ကာ ဧရာ၀တီတိုင်းအတွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်မယ်လို့ ဆိုထားပါတယ်။

တတိယအသုတ်ကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက် နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။