
ဒီလုပ်ရပ်ဟာ ရန်စမှုဖြစ်ပြီး တင်းမာမှုလျှော့ချဖို့ ရည်ရွယ်ထားတဲ့ အစီအမံတွေကို ချိုးဖောက်တာဖြစ်သလို စနေနေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်ကော်မတီ အစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ထိုင်းစစ်တပ်က ဆိုပါတယ်။
၃၀၊ ဒီဇင်ဘာ။
ကမ္ဘောဒီးယားရဲ့ ဒရုန်းအစင်းရေ ၂၅၀ ကျော်ဟာ ထိုင်းပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် ကမ္ဘောဒီးယားဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
တနင်္ဂနွေနေ့ညပိုင်းမှာ ကမ္ဘောဒီးယားဘက်က ပျံသန်းလာတဲ့ မောင်းသူမဲ့ ဒရုန်းအစင်းရေ ၂၅၀ ကျော်ဟာ ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်လာတာကို တွေ့ရှိခဲ့ရကြောင်း ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီလုပ်ရပ်ဟာ ရန်စမှုဖြစ်ပြီး တင်းမာမှုလျှော့ချဖို့ ရည်ရွယ်ထားတဲ့ အစီအမံတွေကို ချိုးဖောက်တာဖြစ်သလို စနေနေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်ကော်မတီ အစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်က လက်ရှိ ထိုင်းဘက်က စွပ်စွဲထားတဲ့ ဒရုန်းပျံသန်းမှုကိစ္စနဲ့ ပတ်သက်တဲ့ ပြဿနာဟာ အသေးအမွှားသာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်းဆူဗာရီက အခု ဒရုန်းပျံသန်းမှုတွေဟာ “ထိုင်းနိုင်ငံအပေါ် ကမ္ဘောဒီးယားရဲ့ ဆက်တိုက် ရန်စမှုနဲ့ ရန်လိုတဲ့ သဘောထားကို ဖော်ပြနေတာဖြစ်တယ်”လို့ အသိပေးထားပြီး နယ်စပ်ဒေသရှိ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ အရပ်သားတွေရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလထဲမှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးပြီး တသန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ တကျော့ပြန် နယ်စပ်တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ ပြီးခဲ့တဲ့ စနေနေ့က သဘောတူညီခဲ့ကြတာပါ။
ဒါပေမယ့် အခုဒရုန်းကိစ္စအပါအဝင် ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သားတွေကို လွှတ်ပေးဖို့ ထိုင်းအနေနဲ့ ပြန်စဉ်းစားမယ့် ကိစ္စကြောင့် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုဟာ မသေချာတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။
စနေနေ့က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အရ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံအနေနဲ့ အပစ်အခတ်ရပ်စဲဖို့၊ စစ်အင်အားရွှေ့ပြောင်းမှုတွေကို ရပ်ဆိုင်းထားဖို့၊ မိုင်းရှင်းလင်းရေးနဲ့ ဆိုက်ဘာရာဇ၀တ်မှု တိုက်ဖျက်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတာပါ။
ဒါ့အပြင် နယ်စပ်ဒေသမှာ နေထိုင်တဲ့ အရပ်သားတွေကို အမြန်ဆုံး နေရပ်ပြန်ခွင့်ပြုဖို့ သဘောတူခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး တည်မြဲပါက ဇူလိုင်လအတွင်း ဖမ်းဆီးရမိထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ၇၂ နာရီအတွင်း ထိုင်းဘက်က ပြန်လည်လွှဲပြောင်းပေးရမယ့် အချက်တွေလည်း ပါဝင်နေပါတယ်။
Ref – CNA
Photo – AFP