
“တိုင်းဒေသကြီးမဲပုံး ၂၀ ကျော် တချိန်တည်း ပျက်တယ်။ ကြိုတင်မဲကောက်ရာမှာ ဘယ်ပါတီမှ မပါဘဲ သူတို့သဘောနဲ့ သူတို့ကောက်ယူတာရယ်၊ မဲစာရင်းမှာ သူတို့လူပဲ ထည့်ပြီး ဒီမိုကရက်တစ် အင်အားစု မဲစာရင်းတွေ မပါတာရယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဟုတ်တာပါ”
၂၉၊ ဒီဇင်ဘာ ။
အာဏာသိမ်းစစ်တပ်ရဲ့ စိတ်တိုင်းကျ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ပထမအသုတ် ရလာဒ်တွေ အဖြေထွက်ပေါ်လာချိန်မှာ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ပြည်သူ့ပါတီရဲ့ ဧရာဝတီတိုင်း အတွင်းရေးမှူးလည်းဖြစ် ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အတွက် ဟင်္သာတမြို့နယ်က ကိုယ်စားပြု ဝင်ပြိုင်ခဲ့တဲ့ ဦးစိန်သောင်းက ထောက်ပြဝေဖန်ခဲ့ပါတယ်။
“တိုင်းဒေသကြီးမဲပုံး ၂၀ ကျော် တချိန်တည်း ပျက်တယ်။ ကြိုတင်မဲကောက်ရာမှာ ဘယ်ပါတီမှ မပါဘဲ သူတို့သဘောနဲ့ သူတို့ကောက်ယူတာရယ်၊ မဲစာရင်းမှာ သူတို့လူပဲ ထည့်ပြီး ဒီမိုကရက်တစ် အင်အားစု မဲစာရင်းတွေ မပါတာရယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဟုတ်တာပါ” လို့ ဦးစိန်သောင်းက ပြောပါတယ်။
ဧရာ၀တီတိုင်း အတွင်းက မြို့နယ်ရှစ်ခုမှာ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နေရာအားလုံးနီးပါး အနိုင်ရှိခဲ့တာပါ။
“ရှစ်မြို့နယ်မှာ ကြံ့ခိုင်ရေးက ခုနစ်မြို့နယ်နိုင်တယ်။ ကြံခင်းက တစညနိုင်တယ်ကြားတယ်။ ပြည်သူ့ပါတီက တနေရာမှ မနိုင်ဘူး။ ပြီးတော့ အပြာလည်း မနိုင်ဘူး၊ အဝါလည်း မနိုင်ဘူး၊ ဘာတွေမှန်းတောင် မသိတော့ပါဘူး” လို့ ဦးစိန်သောင်းက ပြောပါတယ်။
ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊ ဒေါ်သက်သက်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ကျားဖြူပါတီတို့ကတော့ ဧရာ၀တီတိုင်း အတွင်း တနေရာမှ အနိုင်ရတာမရှိဘူးလို့ တခြားဒေသခံသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။ “အကုန်လုံး ကြံ့ခိုင်ရေးပဲ နိုင်မှာပေ့ါ၊ အကုန်သိနေတဲ့ကိစ္စပဲလေ၊ မဲပေးပေး၊ မပေးပေး သူတို့နိုင်မှာပဲ၊ အဲလိုလုပ်တာပဲလေ။ ကိုယ်တွေကတော့ မဲလည်း မပေးခဲ့ဘူး၊ ဘယ်ပါတီမှလည်း အားမပေးဘူး” လို့ ပုသိမ်မြို့ခံလူငယ်တဦးက ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ မဲအရေအတွက်နဲ့ အနိုင်ရကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို တရား ဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက် ပွဲမတိုင်မီ ကြိုတင်မဲတွေ အများအပြား ကြိုယူခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာလည်း မဖြစ်မနေ မဲသွားပေးကြဖို့ အတင်းအကြပ်၊ ဖိအားပေး ခေါ်ယူတာတွေ ရှိခဲ့ပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှ မဲရုံစောင့်တဦးက “နိုင်တယ်ဆိုတာ သူတို့ ကြိုတင်မဲမှာ အကုန်လုံးနီးပါးက ကြံ့ခိုင်ရေး ဖြစ်နေတာလေဗျာ။ ရှင်းရှင်းပြောရရင်ဗျာ ကော်မရှင်လည်း ကြံ့ခိုင်ရေးဗျာ” လို့ ပြောပါတယ်။
အခြားပါတီတခုရဲ့ အောင်နိုင်ရေး တာဝန်ခံတဦးကလည်း နေရာအများစုမှာ ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရနေတာ တွေ့ရပြီး ကြိုတင်မဲ ရေတွက်တဲ့အခါ ထူးခြားတာတွေ တွ့ရတယ်လို့ ဆိုပါတယ်။
“ဟင်္သာတမှာက ကြံ့ခိုင်ရေးကပဲ နိုင်တာပါ။ နေရာအကုန်လုံးမှာပေါ့။ ကျားဖြူကတော့ တချို့နေရာတွေမှာ ဒုတိယ မဲအများဆုံးဆိုပေမယ့် ရလာဒ်တွေ မထွက်လာသေးတော့ သေချာမပြောနိုင်သေးဘူး စောင့်နေတုန်းပဲ။ ထူးခြားတာကတော့ ကြိုတင်မဲတွေပဲ။ ကြိုတင်မဲတွေက တချို့ရွာတွေမှာ သက်ကြီးကြိုတင်မဲ ကောက်တာတွေ မရှိပေမယ့် မဲရေတော့ ကြိုတင်မဲတွေ ပါလာတာ တွေ့ရတယ်။ မေးထားပေမယ့် သူတို့သေချာမပြောဘူး။ မဲရုံက လူတွေကတော့ သူတို့ဆီ ရောက်လာတဲ့အတိုင်း ရေတယ်ပြောတာပဲ” လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ပထမအသုတ်ကို မနေ့က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ ခုအတွင်း ကျင်းပခဲ့ပြီး အဲဒီထဲမှာ ဧရာ၀တီတိုင်းမှ မြို့နယ်ရှစ်ခု ပါဝင်ပါတယ်။
ဧရာ၀တီအပြင် ရခိုင်ပြည်အတွင်းမှာလည်း ဒေသခံ ရခိုင်နိုင်ငံရေးပါတီတွေ အနိုင်ရတာမရှိဘဲ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နေရာအများစု အနိုင်ရထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောထား ကြပါတယ်။
စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာ အေးမောင်နဲ့ ရခိုင်တိုင်းရင်းသားပါတီဥက္ကဌ ဦးဘရှိန်တို့ဟာလည်း မနေ့က ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ်လောင်းကပဲ အနိုင်ရခဲ့တာတွေ့ရပါတယ်။
နိုင်ငံအဝှမ်းက အခြားသော မဲဆန္ဒနယ်မြေတွေမှာလည်း ကြံ့ခိုင်ရေးပါတီကပဲ အများစုအနိုင်ရ ရှိထားတာတွေ့ရ တယ်လို့ လတ်တလောရရှိတဲ့အချက်အလက်အလက်တွေကို ကိုးကားပြီး Data for Myanmar က ထုတ်ပြန်ထား ပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဒုတိယအသုတ်ကို ပထမသုတ်အပြီး နှစ်ပတ်အကြာ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၀ အတွင်း ကျင်းပမှာဖြစ်ကာ ဧရာ၀တီတိုင်းအတွင်းက ကျောင်းကုန်း၊ ကန်ကြီး ထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်မယ်လို့ ဆိုထား ပါတယ်။
တတိယအသုတ်ကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက် ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။