
“တကယ်တော့ ဒီလူတွေ ဝင်ပြိုင်ဖို့ရှိတယ်။ မဲဆွယ်နေပြီဆိုကတည်းက ထုတ်လိုက်သင့်တာ။ ခုကနောက်တောင်ကျနေပြီ ”
၂၈၊ ဒီဇင်ဘာလ။
စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်ရုံသာမက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ် ယှဉ်ပြိုင်ခဲ့တဲ့ ပါတီဝင် ၉ ဦးကို ပါတီကနေထုတ်ပယ်ကြောင်း NLD က ဒီကနေ့ရက်စွဲနဲ့ ကြေညာခဲ့ပြီး အဲဒီအထဲမှာ ဧရာဝတီတိုင်းက သုံးဦးအထိ ပါဝင်နေတာ ဖြစ်ပါတယ်။
ရေကြည်မြို့နယ် ဥက္ကဌဖြစ်ခဲ့သူ ဦးဇော်မင်း၊ မြောင်းမြမြို့နယ်က မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးသန့်ဇော်ဝင်း၊ မအူပင်မြို့နယ်က ပါတီဝင် ဒေါ်ခင်မျိုးသက်တို့ သုံးဦးကို ထုတ်ပယ်လိုက်ကြောင်း ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာတာပါ။
ဒီထဲက ဦးဇော်မင်းနဲ့ ဒေါ်ခင်မျိုးသက် တို့ကတော့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေဖြစ်ပါတယ်။
“တကယ်တော့ ဒီလူတွေ ဝင်ပြိုင်ဖို့ရှိတယ်။ မဲဆွယ်နေပြီဆိုကတည်းက ထုတ်လိုက်သင့်တာ။ ခုကနောက်တောင်ကျနေပြီ ” လို့ ရေကြည်မြို့နယ်က အမည်မဖော်လိုသူ NLD အမာခံ တဦးက ပြောပါတယ်။
ဦးဇော်မင်းဟာ ယခင် NLD ပါတီရဲ့ မြို့နယ် ဥက္ကဌ အဖြစ်တာဝန်ယူစဥ်ကတည်းက မြေယာကိစ္စတွေမှာ အဂတိမှုတွေရှိခဲ့တာကြောင့် ပါတီတွင်းတိုင်ကြားခံရမှုတွေရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ဒေါ်ခင်မျိုးသက်ကတော့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မိသားစုလိုက် NLD ပါတီကို ထောက်ခံကူညီ ခဲ့ကြသူတွေဖြစ်တယ်လို့ သူနဲ့ရင်းနှီးသူ တဦးက ပြောပါတယ်။
“ဘာလို့ သူဒီလို ဆုံးဖြတ်လည်းမသိဘူး။ ကျွန်မတို့က သူငယ်ချင်းတွေ NLD အမာခံခြင်းလည်း တူကြတယ်။ အရမ်းအံသြပြီး နောက်ကျောဓားနဲ့ထိုးသလို ခံစားရတယ်။ ပါတီက မထုတ်လည်း သူတို့က ထွက်သွားနှင့်တဲ့ သူတွေပဲ။ ကျွန်မတို့ကတော့ ရန်ငါပြတ်ရုံပေါ့ ” လို့ ဒေါ်ခင်မျိုးသက်ရဲ့ သူငယ်ချင်းဖြစ်သူက ဆိုပါတယ်။
မြောင်းမြမြို့က ဦးသန့်ဇော်ဝင်းနဲ့ပတ်သက်လို့တော့ DNA က စုံစမ်းလို့မရသေးပါဘူး။