ဧရာ၀တီမှာ မဲပေးသူ အလွန်နည်းလို့ အသံချဲ့စက်နဲ့ လိုက်ခေါ်နေရ

မြောင်းမြမြို့ခံ သက်လတ်ပိုင်း အမျိုးသားတဦးက “မြို့ပေါ်မှာက မဲပေးတဲ့သူ သိပ်မရှိဘူး။ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ နယ်ရွာတွေမှာတော့ ငါးဆယ်ရာခိုင်နှုန်းလောက် ရှိမလားပဲ။ အဲဒါတွေလည်း အတင်းအကြပ် မက်လုံးတွေနဲ့ ပေးခိုင်းထားတဲ့သူတွေ၊ ကြံ့ခိုင်ရေးမဲတွေ အများစုပါမှာပေ့ါ” လို့ ပြောပါတယ်။

၂၈၊ ဒီဇင်ဘာ။

ဧရာ၀တီတိုင်း ပုသိမ်မြို့မှာ မဲလာပေးသူအလွန်နည်းပါးတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေဟာ အသံချဲ့စက်တွေနဲ့ မြို့ပတ်ပြီး မဲလာပေးကြဖို့ လိုက်ခေါ်နေကြရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

“ဒီနေ့လူတွေက အပြင်တောင် သိပ်မထွက်ကြဘူး။ မဲပေးတာလည်း နည်းတယ်။ တရပ်ကွက်လုံးက အလွန်ဆုံးရှိရင် ငါးပုံတပုံလောက်ပဲ ရှိမယ်ထင်တယ် မဲသွားပေးတာ။ လော်တွေနဲ့ မြို့ပတ်ပြီး မဲလာပေးဖို့ခေါ်နေတာတွေ့တယ်၊ လူ တွေ မရောက်တော့လေ။ ဒါပေမယ့် တယောက်စနှစ်ယောက်စပဲ သွားပေးကြတာပါ” လို့ ပုသိမ်မြို့မှ လူငယ်တဦး ကပြောပါတယ်။

ဒါ့အပြင် ပုသိမ်မြို့ပေါ်က တချို့ရပ်ကွက်တွေမှာတော့ မဲပေးရမယ့် ကတ်ပြားတွေကို အိမ်တိုင်းစေ့လိုက်ဝေပြီး မဖြစ်မနေ မဲလာပေးကြဖို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြော ကြပါတယ်။

ပုသိမ်မြို့နယ်အတွင်းမှာ တပ်မဲရုံ ၂၁ ရုံ၊ ရပ်ကွက်၊ ကျေးရွာမဲရုံ ၁၉၃ ရုံ ဖွင့်လှစ်ထားတာဖြစ်ပြီး မဲလာပေးသူအများ စုဟာ ပါတီဝင်တွေ၊ စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းတွေ၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင်၊ မိသားစုတွေဖြစ်ကြတယ် လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီက ပါတီဝင်တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့စဉ်က လူဦးရေထောင်နဲ့ချီတက်ရောက်တာမျိုးတွေ ရှိပေမယ့် ဒီကနေ့ နံနက်ပိုင်း မဲပေးမှုမှာတော့ မြို့ပေါ်ရပ်ကွက်တွေ စုစုပေါင်း ရာဂဏာန်း ဝန်းကျင်သာရှိနိုင်တယ်လို့ အငှားကားမောင်းသူ တချို့က  DNA ကိုပြောပါတယ်။

အလားတူပဲ ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာ၊ ဟင်္သာတစတဲ့ အခြားသော ရွေးကောက်ပွဲ ကျင်းပနေတဲ့မြို့နယ်တွေမှာလည်း မဲလာပေးသူမရှိသလောက် နည်းပါးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဟင်္သာတမြို့နယ်မှာတော့ အချို့သော ရပ်ကွက်နဲ့ ကျေးရွာက မဲရုံတွေမှာ ကြိုတင်မဲနဲ့ ပတ်သက်လို့ ယှဉ်ပြိုင်ကြတဲ့ ပါတီတွေကြားမှာ အငြင်းပွားမှုတချို့ရှိခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီက ရရှိတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ကြတာတွေ ရှိကြတယ်လို့ သတင်းတွေ ထွက်လာပေမယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့ ဆက်သွယ်လို့မရသေးပါဘူး။ ဟင်္သာတမြို့နယ်ထဲက ကျေးရွာတခုမှာဆိုရင် ကြိုတင်မဲကောက်ခံမှုနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကြိုတင်မဲပေးနိုင်ဖို့ ပြင်ဆင်ပေးထားတာ မရှိဘဲနဲ့ ကြိုတင်မဲတွေ တက်လာခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ကျေးရွာနာမည်ကို ထုတ်ဖော်မပြောသေးဘူးလို့ ပါတီတခုရဲ့ အောင်နိုင်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျွန်မတို့တော့ မဲသွားမပေးပါဘူး။ တချို့လူကြီးပိုင်း တွေကျတော့လည်း ကြောက်ပြီး ပေးကြတာရှိတယ်။ လူငယ် တွေကတော့ သူ့ဟာနဲ့သူ ရှောင်နေကြတာပဲ၊ မဲမပေးကြဘူး” လို့ ဟင်္သာတမြို့နယ်အတွင်း နေထိုင်တဲ့ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

ဟင်္သာတမြို့ပေါ်မှာတော့ မနက်အစောပိုင်းက မဲပေးသူတချို့ရှိခဲ့ပေမယ့် မွန်းမတည့်ခင်မှာပင် မဲပေးသူတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြန်အောင်မြို့ အမှတ် ၁ ရပ်ကွက် နေခြည်ကျောင်း မဲရုံမှာတော့ မဲလာပေးသူဦးရေ အရေအတွက် များတယ်လို့ သိရပါတယ်။ဒီကျောင်းမှာ ကျောင်းတက်နေရတဲ့ ၁၁ တန်း နဲ့ ၁၂ တန်း ကျောင်းသားတွေရှိပြီး သူတို့တွေလည်း မဲပေးခဲ့ရတယ်လို့ ကျောင်းသူတဦးက ပြောပါတယ်။

ကျုံပျော်မှာတော့ မြို့ပေါ်နဲ့ အနီးတဝိုက်က ကျေးရွာတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးမှုတွေ ရှိနေပါတယ်။

“ မဲစာရင်းတုန်းကလည်း လူခေါ်တွေ့ပြီး မဲစာရင်းစစ်ဖို့ပြောတယ်။ အခုလည်း မနေ့ကတည်းက မဲလာပေးဖို့ကို အိမ်မှာလာပြောသွားတော့ မဲသွားပေးလိုက်ရတယ် ” လို့ ကျုံပျော်မှာနေထိုင်တဲ့ Non-CDM ဆရာမ တဦးက ပြောပါတယ်။

“ကျွန်မတို့ဆီကိုတော့ မဲပေးလား မပေးလားဆိုတာ ရီပို့ပြန်တင်ဖို့ ဘာမှမပြောလာသေးဘူး။ တကယ်တော့ မပေးချင်ဘူး။ စိတ်ရော လူရော မလုံခြုံသလို ခံစားရတယ် ” ဆက်ပြောပါတယ်။

ဒီကနေ့မှာတော့ ကျုံပျော်မြို့ပေါ်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်းနဲ့ အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ မဲလာပေးကြဖို့ လိုက်ပြောနေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မြောင်းမြမြို့ခံ သက်လတ်ပိုင်း အမျိုးသားတဦးက “မြို့ပေါ်မှာက မဲပေးတဲ့သူ သိပ်မရှိဘူး။ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ နယ်ရွာတွေမှာတော့ ငါးဆယ်ရာခိုင်နှုန်းလောက် ရှိမလားပဲ။ အဲဒါတွေလည်း အတင်းအကြပ် မက်လုံးတွေနဲ့ ပေးခိုင်းထားတဲ့သူတွေ၊ ကြံ့ခိုင်ရေးမဲတွေ အများစုပါမှာပေ့ါ” လို့ ပြောပါတယ်။

တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်ဟာ ဒီနေ့မှာ ဧရာ၀တီတိုင်းအတွင်းက မြို့နယ် ရှစ်ခုအပါအဝင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ရွေးကောက်ပွဲ ပထမအသုတ်ကို ကျင်းပနေတာဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ ပြည်သူတွေကို အတင်းအဓမ္မ မဲပေးခိုင်းတာတွေ မရှိဘူးလို့ စစ်ကော်မရှင်က ပြောထားပေမယ့် လက်တွေ့မှာတော့ မဲအတင်းပေးခိုင်းတာတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဒုတိယအသုတ်ကို ပထမသုတ်အပြီး နှစ်ပတ်အကြာ  ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၀ အတွင်း ကျင်းပမှာဖြစ်ကာ ဧရာ၀တီတိုင်းအတွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်မယ်လို့ ဆိုထားပါတယ်။

တတိယအသုတ်ကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက် နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။