
“အရင်ကတည်းက စစ်မှုထမ်းပါဖို့ ကြောက်နေရတာပဲလေ။၊ ဒါပေမယ့် အခုလိုမျိုး personal အချက်အလက်တွေနဲ့ စာရင်းပေး ထားရမယ်ဆိုတော့ စစ်မှုထမ်း မပါအောင် ရှောင်ဖို့ဆိုတာကလည်း မလွယ်တော့ဘူး”
၂၇၊ ဒီဇင်ဘာ။
ဧရာ၀တီတိုင်းမြို့တော် ပုသိမ်မှာ တက္ကသိုလ်ကျောင်းသားတွေ၊ ဘွဲ့ရလူငယ်တွေကို အုပ်ချုပ်ရေး အဖွဲ့က စာရင်းလိုက်ကောက်နေပြီး ကိုယ်ရေးအချက်အလက်ပုံစံ(form)တွေ ဖြည့်သွင်းထားကြဖို့ စာရွက်တွေ လိုက်ဝေပေးနေပါတယ်။
“ရပ်ကွက်စုံတော့ မကောက်သေးဘူး။ တချို့ရပ်ကွက်တွေမှာ စကောက်နေပြီ။ စစ်မှုထမ်းဖို့ ကောက်တာပါပဲ၊ အ ခြားဘာရှိအုံးမလဲ၊ တက္ကသိုလ်ကျောင်းသားတွေ ကျောင်းသွားတက်ရင်တောင် လိုက်ဖမ်းလို့၊ စစ်မှုထမ်းပို့လို့ရ အောင်လုပ်နေတာ ထင်တယ်။ ဘွဲ့ရတွေလည်း စာရင်းဖြည့်ရတယ်” လို့ ပုသိမ်မြို့ခံ လူငယ်တဦးက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကနေ အဲဒီလို ကောက်ခံနေတာဖြစ်ပြီး စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်အထက် ပညာတတ်လူငယ်တွေကို ဦးစားပေး ကောက်ယူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်မှုထမ်းဥပဒေကို ပြဌာန်း၊ ပြည်သူတွေကို အတင်းအကြပ် စစ်သင်တန်းပေး ရှေ့တန်းပို့နေကာ အခုအခါဆိုရင် အပတ်စဉ် ၂၀ ထိရှိခဲ့ပြီ ဖြစ်ပြီး အပတ်စဉ်တခုမှာ စစ်သား ငါးထောင်နှုန်းနဲ့ တွက်ရင် စစ်မှုထမ်းလိုက်သွားရသူ တသိန်းထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။
အခုအခါထပ်ပြီးတော့ စစ်မှုထမ်းရမယ့် သူတွေကို လိုက်လံစာရင်းကောက်နေတာဖြစ်ပြီး ပညာတတ် လူငယ်တွေကို ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။
“အရင်ကတည်းက စစ်မှုထမ်းပါဖို့ ကြောက်နေရတာပဲလေ။၊ ဒါပေမယ့် အခုလိုမျိုး personal အချက်အလက်တွေနဲ့ စာရင်းပေး ထားရမယ်ဆိုတော့ စစ်မှုထမ်း မပါအောင် ရှောင်ဖို့ဆိုတာကလည်း မလွယ်တော့ဘူး”လို့ ပုသိမ်မြို့နယ်မှ ဘွဲ့ရလူငယ်အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ပုသိမ်အပြင် အခြားသော ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာလည်း အခုရက်ပိုင်းကနေစပြီး အဲဒီလို လူငယ်ပညာတတ်တွေကို စာရင်းလိုက်ကောက်တာတွေ ရှိနေခဲ့ပါတယ်။ ပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းပါတဲ့သူတွေဟာ နှစ်နှစ်ကနေ ငါးနှစ်အထိ စစ်မှုထမ်းကြရမှာ ဖြစ်ပေမယ့် ဘွဲ့ရပညာ တတ်တွေကတော့ သုံးနှစ်ကနေ ငါးနှစ်အထိ စစ်မှုထမ်းကြရမှာဖြစ်ပါတယ်။
ဒါ့အပြင် အသက်အပိုင်းအခြားဟာလည်း ဘွဲ့ရပညာတတ်တွေဟာ အမျိုးသားဆိုရင် ၄၅ အထိနဲ့ အမျိုးသမီးဆို ရင် ၃၅ နှစ်ထိ စစ်မှုထမ်ရဖို့ အကျုံးဝင်နေပါတယ်။
ဧရာ၀တီတိုင်းအတွင်းက ပြည်သူတွေဟာ စစ်မှုထမ်းစရိတ်တွေလည်း လစဉ်ပေးနေကြရပြီး တလမှာ လူတဦးအတွက် အနည်းဆုံး ကျပ်သုံးသောင်းကနေ တသိန်းခွဲလောက်ထိ ကောက်ခံကာ ငွေကြးမထည့်နိုင်သူ မိသားစုတွေဟာ စစ်မှုထမ်းပါသွားတာ၊ ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက် တိမ်းရှောင်ကြရတာတွေ ရှိနေပါတယ်။
တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစု စျေးကြီးတာ၊ စပါးစျေးကောင်း မရတာတွေကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် အခုလိုမျိုး စစ်မှုထမ်းစရိတ်ပါ လစဉ်ပေးနေကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားကို ပွဲစားတွေ ဆီကတဆင့် ထွက်သွားကြရပြီး လမ်းခုလပ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ ဒီချုပ်ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နိုင်ငံကို အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး နယ်မြေ၊ စစ်သားအင်အား များစွာ ဆုံးရှုံးထားရပါတယ်။အဲဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုး သားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ်လို့ပါရှိတဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။
အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်း ကျောင်းသားအရွယ် ဆယ်ကျော်သက် လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့ကာ အသေခံ တိုက်ခိုင်းတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်စစ်မှုထမ်းပါသွားပြီး ထွက်ပြေးလွတ်မြောက် လာခဲ့ကြသူတွေက သူတို့ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြထားကြပါတယ်။
#ဧရာဝတီတိုင်း #ပုသိမ် #တက္ကသိုလ်ကျောင်းသား #ဘွဲ့ရ