
ကနေဒါ အစိုးရဟာ မြန်မာနိုင်ငံကို ခရီးသွားအကြံပြုချက် အနီရောင်အဆင့် လုံးဝမသွားသင့်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
၂၇၊ ဒီဇင်ဘာ။
ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ စတင်ကျင်းပမယ့် ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံရောက် ကနေဒါ နိုင်ငံသားတွေ လုံခြုံရေးအန္တရာယ် သတိထားဖို့ ကနေဒါသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့က ကနေဒါအစိုးရ၊ တရားဝင်ခရီးသွားလာရေးဝက်ဘ်ဆိုက် (travel.gc.ca) ရဲ့ သတိပေးချက်အရ ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာ ၂၈၊ ဇန်နဝါရီ ၁၁ နဲ့ ၂၅ ရက်တွေမှာ အကြမ်းဖက်မှု၊ လက်နက်ကိုင်တိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မဲရုံတွေအနီး လူစုလူဝေးတွေကို ရှောင်ရှားဖို့နဲ့ လမ်းပိတ်တာတွေ၊ ညမထွက်ရအမိန့် ထုတ်ပြန်တာတွေနဲ့ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်တာတွေ စတဲ့ လုံခြုံရေးစီမံချက်တွေ တင်းကျပ်လာမှာကို သတိပြုဖို့ သူ့ရဲ့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတော်အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေဆဲဖြစ်ပါတယ်။
စစ်တပ် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေအကြား နယ်မြေစိုးမိုးရေးအတွက် တိုက်ပွဲတွေ ပြင်းထန်နေလို့ နိုင်ငံရေးအခင်းအကျင်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေတယ်လို့ ဆိုပါတယ်။
နယ်မြေထိန်းချုပ်မှု မရေရာတဲ့ အခြေအနေမှာ ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေနိုင်ပြီး လုံခြုံရေးအခြေအနေမှာလည်း အချိန်မရွေး ပိုမိုဆိုးရွားသွားနိုင်တဲ့ အလားအလာရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရောက် ကနေဒါနိုင်ငံသားတွေ အနေနဲ့ နောက်ဆုံးရသတင်းတွေကို အစဉ်မပြတ်စောင့်ကြည့်ကာ လုံခြုံရေးအသိနဲ့အတူ အထူးသတိပြု နေထိုင်ကြဖို့ ကနေဒါအစိုးရရဲ့ ခရီးသွားလာရေး အကြံပြုချက်မှာ အလေးအနက် သတိပေးထားပါတယ်။
ကနေဒါ အစိုးရဟာ မြန်မာနိုင်ငံကို ခရီးသွားအကြံပြုချက် အနီရောင်အဆင့် လုံးဝမသွားသင့်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။