ခရစ္စမတ်နေ့မှာ စစ်တပ်က လက်နက်ကြီးပစ်လို့ အရပ်သား နှစ်ဦးသေ၊ ငါး ဦးဒဏ်ရာရ

 

“လေယာဉ်တွေ ဆက်တိုက်လာနေတာ နည်းနည်းကြာပြီ။ ပျံသွားတာတွေ တွေ့တယ်၊ ရခိုင်ဘက်ကိုလည်း သွား တယ်၊ လေးမျက်နှာဘက်လည်း သွားတယ်။ လက်နက်ကြီးကတော့ ၃၄၄ က နေ့တိုင်း ပစ်နေတာပါပဲ”

၂၆၊ ဒီဇင်ဘာ။

ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စုအတွင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။

“မနေ့က ၃၄၄ ကနေ လက်နက်ကြီးတွေ တညနေလုံးပစ်နေတာ မိုးချုပ်တဲ့ထိ ပစ်တယ်၊ နေ့ခင်းပိုင်းကလည်း လေယာဉ်နဲ့ ဗုံးချသွားတယ်ထင်တယ် အသံ ကြားလိုက်ရတယ်” လို့ ငသိုင်းချောင်းဒေသခံ တဦးက ပြောပါတယ်။

ငသိုင်းချောင်း၊ မြောက်စမ်းရွာအနီး အမြှောက်တပ် အမတ ၃၄၄ ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာဖြစ်ပြီး အရပ်သားလူနေကျေးရွာဆီ ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။အဲဒီ လက်နက်ကြီး ကျည်ထိမှန် သေဆုံးသူတွေထဲမှာ အမျိုးသမီးတဦး ပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာတော့ အသက် ခြောက်နှစ်အရွယ် ကလေးငယ်တဦး ပါဝင်တယ်လို့ သိရပါတယ်။

ပုသိမ် – မုံရွာလမ်းမပေါ်မှာရှိတဲ့ လေးမျက်နှာမြို့နယ် စောပြာ၊ ချင်းကုန်းကျေးရွာအနီးဝန်းကျင်၊ ရေကြည်မြို့နယ် မြောက်စမ်းရွာအမြောက်တပ်အမတ (၃၄၄)အနီးဝန်းကျင်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး စစ်ကော်မရှင် တပ်ဟာ အထိနာနေတဲ့အတွက် အခုလို အရပ်သားနေရာတွေကိုပါ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“လေယာဉ်တွေ ဆက်တိုက်လာနေတာ နည်းနည်းကြာပြီ။ ပျံသွားတာတွေ တွေ့တယ်၊ ရခိုင်ဘက်ကိုလည်း သွား တယ်၊ လေးမျက်နှာဘက်လည်း သွားတယ်။ လက်နက်ကြီးကတော့ ၃၄၄ က နေ့တိုင်း ပစ်နေတာပါပဲ” လို့ အထက် ပါသတင်းရင်းမြစ်က ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်း လေးမျက်နှာ၊ ငသိုင်းချောင်းအပြင် သာပေါင်းမြို့နယ်၊ ရွှေသောင်ယံမြို့နယ်တို့အတွင်းမှာ လည်း စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။ သာပေါင်းမြို့နယ် သာပေါင်းလေး၊ ဆင်ခေါင်းကြီးကျေးရွာ အနီးဝန်းကျင်တွေမှာ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ ဆယ်ချီရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“တိုက်ပွဲတွေကတော့ ကိုယ့်ဘက်က အသာရနေတာများတယ်၊ သာပေါင်းဘက်မှာ ဒီရက်ပိုင်း ပြင်းနေတယ်။ သုံး၊ လေးရက်ရှိပြီ သာပေါင်းဘက် တိုက်ပွဲပြန်စနေတာ၊ လေးမျက်နှာ ဘက်မှာတော့ နေ့တိုင်းလို ရှိနေတယ်” လို့ AA နဲ့ နီး စပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းကလည်း စောပြာရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ် လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး လူနေအိမ်ဆယ်လုံး မီးလောင်ပျက်စီး ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း စောပြာရွာထဲကိုပဲ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ပြည်သူသုံးဦး သေဆုံးကာ တဦး ဒဏ်ရာခဲ့တယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ် ခက်ချိုကုန်းရွာသို့ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့ကာ ရွာသားတ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဲဒီအနီးတဝိုက် ကျေးရွာတွေမှ ပြည်သူတွေဟာ ဘေးလွတ်မယ်လို့ ယူဆတဲ့ တောတောင်တွေထဲနဲ့ နီးစပ်ရာ ဆွေးမျိုး၊ အသိရှိတဲ့ ဒေသတွေဆီ တိမ်းရှောင်နေကြရပြီး စားရေးသောက်ရေး အခက်အခဲအပြင် ဆောင်းတွင်းကာလ ဖြစ်တာကြောင့် အနွေးထည်၊ စောင်တို့လည်း လိုအပ်နေကြတယ်လို့ ဆိုကြပါ တယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခု ဒီဇင်ဘာလအတွင်းမှာ ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အလုံးစုံ သိမ်းပိုက်ခဲ့ပြီးနောက် ရိုးမအရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်းအတွင်းက စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာပါ။

ဂွကမ်းခြေအတိုင်း ရွှေသောင်ယံကမ်းခြေထိ၊ ရိုးမအရှေ့ဘက်ခြမ်း တလျှောက်နဲ့ ပုသိမ် – မုံရွာ လမ်းဘေးတလျှောက် လေးမျက်နှာ၊ ရေကြည်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို သိမ်းပိုက်နေပြီး ဂွကမ်းခြေတလျှောက် ရွှေသောင်ယံအနီးက ဘောမိ၊ မကျီးဇင်ကျေးရွာတွေနဲ့ မကျီးဇင် – သာပေါင်းကြား ကျေးရွာတချို့ကို သိမ်းပိုက်ထိန်း ချုပ်ထားပါတယ်။

ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် အတွင်းက မြို့နယ် ၁၄ ခုကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA ဟာ ရိုးမ အရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်း ၊ မကွေးတိုင်း၊ ပဲခူးတိုင်းတွေ အတွင်းရှိ စစ်တပ်စခန်းတွေကို ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။