
ဦးမြင့်ကြိုင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် EU နဲ့ ဆွတ်ဇာလန်နိုင်ငံ၊ အမေရိကန် နိုင်ငံတွေက ပြည်ဝင်ခွင့်အပါအဝင်၊ စီးပွား ရေး၊ လူမှုရေး ဆက်စပ်မှုတွေကိုပါ တင်းကြပ်စွာပိတ်ဆို့ခံထားရတဲ့ သူတယောက်ဖြစ်ပါတယ်။
၂၅၊ ဒီဇင်ဘာလ။
စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး အဖြစ်ကနေ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ်(၁)မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမြင့်ကြိုင်ဟာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်အတွင်း ပန်းခင်းစီမံချက်နဲ့ လူပေါင်း သုံးရာကို နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) ထုတ်ပေးတဲ့နေရာမှာ လာရောက်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့မှာ သူ့ရဲ့မဲဆန္ဒနယ်ထဲမှာ ပါဝင်တဲ့ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မှာ ပါတီဝင်တွေ့ဆုံပွဲ ပြုလုပ်ခဲ့သလို မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတချို့လည်း ပြုလုပ်ခဲ့ပါတယ်။
ဒီမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုနဲ့ တရက်တည်းမှာပဲ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့မှာ နိုင်ငံသား စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်)တွေနဲ့ e-ID – Unique ID (စမတ်ကဒ်) ပြုလုပ်ပေးနေမှုဆီ သွားရောက်ခဲ့ပြီး ဒီအထောက်အထားတွေကို ကိုယ်တိုင်ပေးအပ်မှုတချို့လည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့က သူလာမယ်ဆိုတာ မသိဘူး။ ၂၄ ရက်နေ့မှာ ကဒ်တွေလာယူလို့ ရပြီလို့ပြောလို့ သွားတာ။ ဒီတိုင်းလာရုံပဲ ဘယ်ဟုတ်မလဲ ကျွန်တော်တို့ စောင့်နေတဲ့ လူတွေကို စကားလာပြောတယ်။ သူတို့အစိုးရဖြစ်နေလို့ ဒီလိုမျိုး လွယ်လွယ်ကူကူ လုပ်ပေးနေတာဆိုတာ သူ့စကားထဲပါတယ်။ တကယ်တော့ ကျွန်တော် မှတ်ပုံတင်လဲဖို့ စာရင်းပေးထားတာ ၂ လလောက်ရှိပြီ ” လို့ ကျုံမငေး ဒေသခံ ကိုရဲ က ပြောပါတယ်။
ဦးမြင့်ကြိုင်ဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား အဆင်ပြေ လွယ်ကူစွာ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်နဲ့ ဆောင်ရွက်ပေးနေမှုနဲ့ မကြာမီ ကျင်းပမဲ့ အထွေထွေ ရွေး ကောက်ပွဲမှာ နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးရမဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာလည်း ဝါးခယ်မမြို့က မဲဆွယ်ပွဲမှာ ဦးမြင့်ကြိုင်က ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအမြင် ကောင်းရုံသာမက အုပ်ချုပ်ရေးအမြင်ကောင်းတဲ့သူကို ရွေးချယ်ဖို့ လိုကြောင်းနဲ့ ဒီလိုအရည်အချင်းနဲ့ ပြည့်စုံတဲ့သူတွေဟာ USDP မှာသာရှိကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒါဟာ ရာထူးအာဏာကို အသုံးချပြီး မဲဆွယ်မှု ပြုလုပ်နေခြင်းလားဆိုတဲ့ မှတ်ချက်အတွက် ဦးမြင့်ကြိုင်နဲ့ ယှဉ်ပြိုင်ရမယ့် အခြားသော ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဝါးခယ်မမြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံးဖုန်းကို DNA က ခေါ်ဆိုခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။
ဦးမြင့်ကြိုင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် EU နဲ့ ဆွတ်ဇာလန်နိုင်ငံ၊ အမေရိကန် နိုင်ငံတွေက ပြည်ဝင်ခွင့်အပါအဝင်၊ စီးပွား ရေး၊ လူမှုရေး ဆက်စပ်မှုတွေကိုပါ တင်းကြပ်စွာပိတ်ဆို့ခံထားရတဲ့ သူတယောက်ဖြစ်ပါတယ်။