
“အုပ်ကြီးက ရွာကထွက်ပြီး မြို့မှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကိုလည်း မဲပြန်ထည့်ဖို့ ပြောနေတယ်။ မဲပြန်လာမထည့်ရင် ထောင်ခြောက်နှစ်ချမယ်လို့ ခြိမ်းခြောက်ပြီး ပြန်ခေါ်နေတယ်”
၂၅၊ ဒီဇင်ဘာ။
ဒီဇင်ဘာ ၂၈ ရက်နေ့ကျရင် ရွေးကောက်ပွဲ ပထမအသုတ်ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပတော့မှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့ အာဏာသိမ်းစစ်တပ်က ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ၊ မဲရုံတွေသွားပြီး မဲမပေးပဲနေဖို့အတွက် ဖိအားတွေ ရှိနေပြီး ဧရာဝတီတိုင်းအတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူး အချို့ကလည်း ရွေးကောက်ပွဲ မဲလာမပေးရင် ထောင်ချမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။
“မပေးချင်ဘူး၊ မပေးဘူးလို့လည်း ဆုံးဖြတ်ထားတာ။ ဒါပေမယ့် မဲရုံမသွားရင် တခုခုလုပ်မှာ ကြောက်ရတယ်။ အ ရင်ခေတ်နဲ့က မတူဘူးလေ။ အဲနေ့ကျရင် ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ အတတ်နိုင်ဆုံးတော့ မပေးဘူးလို့ စဉ်းစားထားပါတယ်။ ရွာက လူတွေလည်း အများကြီး လာတိုင်ပင်ကြတယ်၊ မဲမပေးချင်၊ ဘယ်လိုလုပ်ရမလဲဆို ပြီး” လို့ ပထမအသုတ်ကျင်းပမယ့်ထဲ ပါဝင်တဲ့ မြန်အောင်မြို့နယ်မှ ရွေးကောက်ပွဲသုံးဆက်တိုင် ဆက်တိုက်မဲပေး လာခဲ့တဲ့ ဦးလှမောင်(အမည်လွှဲ)က ပြောပါတယ်။
စစ်တပ်ဟာ တိုင်းအစိုးရ ၊ ထွေအုပ် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေကတဆင့် ပြည်သူတွေကို ရွေးကောက်ပွဲမှာ မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်နေပြီး မြန်အောင်မြို့နယ်ထဲက အိုးဘိုအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးက ရွာသားတွေကို မဲလာမထည့်ရင် ထောင်ချမယ်လို့ ခြိမ်းခြောက်နေပါတယ်။
“အုပ်ကြီးက ရွာကထွက်ပြီး မြို့မှာ အလုပ်လုပ်နေတဲ့ လူငယ်တွေကိုလည်း မဲပြန်ထည့်ဖို့ ပြောနေတယ်။ မဲပြန်လာမထည့်ရင် ထောင်ခြောက်နှစ်ချမယ်လို့ ခြိမ်းခြောက်ပြီး ပြန်ခေါ်နေတယ်”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ မဲစာရင်းသွားကြည့်ဖို့၊ မဲသွားပေးဖို့ မကြာခဏ ဖိအားပေးပြောဆိုမှုတွေ ရှိနေပြီး မပေးရင် အရေးယူမယ် ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတာကြောင့် အခုလို စိုးရိမ်မှုတွေ ရှိနေကြတာပါ။
“ကျွန်မတို့က မြို့ပေါ်မှာဆိုတော့ ပိုကြောက်ရတယ်။ မဲရုံမရောက်လို့ မဲသွားမပေးဖြစ်ရင် တခုခု လာပြောမှာ၊ လာ လုပ်မှာကိုကြောက်တယ်။ မဲရုံသွားပြီး ပယ်မဲဖြစ်အောင် လုပ်လို့လည်း မရဘူးထင်တယ် အခုဟာက၊ မဲတော့ လုံး၀ မပေးချင်ဘူး၊ ကိုယ်အားပေးတဲ့ပါတီတွေလည်း မရှိတော့ဘူးလေ” လို့ ပုသိမ်မြို့မှ လူငယ်အမျိုးသမီးတဦး က ပြောပါတယ်။
အခုလာမယ့် ရွေးကောက်ပွဲမှာ ယခင်ရွေးကောက်ပွဲတွေ တုန်းကလိုမျိုး စာရွက်ပေါ်မှာ ကိုယ်ထောက်ခံတဲ့ ပါတီဘေးမှာ အမှန်ခြစ်ရတဲ့ ပုံစံမဟုတ်တော့ဘဲ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုဖို့ စစ်ကော်မရှင်က စီစဉ်ထားပါတယ်။
ဇလွန်မြို့နယ်မက လူမှုကူညီရေး လုပ်နေသူတဦးကလည်း အခုကျင်းပမယ့် စစ်ကော်မရှင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတာကြောင့် မဲမပေးဘူးလို့ ပြောဆိုပါတယ်။
စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို အ တင်းအကြပ် လုပ်နေတာ မဟုတ်ကြောင်း မဲထည့်ဖို့လည်း အတင်းခိုင်းနေတာ မရှိကြောင်း ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေကိုပါမချန် အတင်းအကြပ် မဲပေးခိုင်းတာတွေ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ဧရာ၀တီတိုင်းအတွင်းမှာဆိုရင် ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့နယ်အတွင်း ရွေးကောက်ပွဲပထမအသုတ်ကို ကျင်းပမှာဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်မြေ တွေမှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဦးကိုကိုကြီးရဲ့ ပြည်သူပါတီ (PP)၊ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အပါအဝင် နိုင်ငံရေးပါတီခုနှစ်ခု ဝင်ရောက်ယှဉ်ပြိုင် ကြမှာပါ။
ဒါပေမယ့် မြေပြင်မှာတော့ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီသုံးခုကပဲ မဲဆွယ်စည်းရုံးတာ တွေ မြို့နယ်စုံနီးပါးလုပ်နေတာတွေ့ရပြီး ကျန်ပါတီတွေကတော့ စည်းရုံးရေးခရီးတွေ အများအပြားဆင်းတာ မ တွေ့ရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
အချို့မြို့နယ်တွေမှာဆိုရင် ကြံ့ခိုင်ရေးပါတီတခုကသာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ဖိအားနဲ့ မဲဆွယ် တာ၊ မဲလာပေးဖို့ ဖိအားပေးပြောဆိုတာတွေ လုပ်နေပြီး ကျန်ပါတီတွေ သိပ်မတွေ့ရဘူးလို့ ဆိုပါတယ်။
“ဒီဘက်က ရွာတော်တော်များများမှာ မဲဆွယ်တာ မရှိဘူး။ ကြံ့ဖွံ့တခုပဲ တွေ့တယ်။ အဲဒါလည်း အုပ်ချုပ်ရေးမှူး တွေက အတင်းလုပ်တာ။ တခြားပါတီတွေဆိုရင် ရောက်တောင်မရောက်ဘူး။ အရင်ရက်က ပီသုံးလုံးပါတီက ဆိုင်း ဘုတ်တင်ဖို့ရောက်တာ၊ အတင်ခံမယ့်သူမရှိလို့ ဒီအတိုင်း စာရွက်တွေဝေပြီး ပြန်သွားကြတယ်” လို့ မြန် အောင်မြို့ နယ်မှ ဦးလှမောင်က ပြောပါတယ်။
စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ပြည်သူအများစုဟာ စိတ်ပါဝင်စားမှုမရှိဘူးလို့ ဧရာ၀တီအ တိုင်းမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကိုယ်တိုင်က ဝန်ခံပြောဆိုထားကြတာပါ။ ပြည်သူတွေရဲ့ ၇၀ ရာခိုင် နှုန်း လောက်ဟာ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှု မရှိဖြစ်နေတာကြောင့် ပါတီတွေ အနေနဲ့လည်း အခက်အခဲ ကြုံကြရတယ်လို့ ဆိုပါတယ်။
“မဲတော့ ဖြစ်အောင်ပေးကြပါလို့ အတင်းပြောနေရတဲ့အခြေအနေပါ” လို့ ဧရာ၀တီတိုင်းအတွင်း ဝင်ပြိုင်မယ့် ပြည်သူ့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။
ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ဒုတိယ အသုတ်ကို ပထမအသုတ်အပြီး နှစ်ပတ်အကြာ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၀ အတွင်း ကျင်းပမှာဖြစ်ကာ ဧရာ၀တီတိုင်းအတွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက် လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်မယ်လို့ ဆိုထားပါတယ်။
တတိယအသုတ်ကိုတော့ မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေး ကောက်ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။