
လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေကြောင့် ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ကင်မ် က ပြောခဲ့ပါတယ်။
၂၅၊ ဒီဇင်ဘာ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ထုတ်လုပ်ရေး စက်ရုံတခုဆီ သွားရောက်ကြည့်ရှုခဲ့ပြီး အမျိုးအစားသစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကိုလည်း ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်အသိပေးပါတယ်။
အမေရိကန်နဲ့ ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ကိုယ်တိုင်ထုတ်လုပ်ဖို့ တောင်ကိုရီးယားရဲ့ လတ်တလော ကြိုးပမ်းအားထုတ်မှုကို ကင်မ် ကပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
အဆိုပါ လုပ်ရပ်ကို မဖြစ်မနေ ပြန်လည် တုံ့ပြန်ရမယ့် ကိစ္စရပ်တခုအဖြစ်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က အသိပေးပေးခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလမှာ တောင်ကိုရီးယားနိုင်ငံဆီ
သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ တောင်ကိုရီးယားကို မီးစိမ်းပြ ခွင့်ပြုချက်ပေးခဲ့ပြီး အဲဒီနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရဲ့ ဒေါသကို ဆွပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အဆိုပါ ရေယာဉ်တွေကို ဘယ်မှာတည်ဆောက်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ကမ္ဘာပေါ်မှာ နိုင်ငံအနည်းငယ်သာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ပိုင်ဆိုင်ကြပြီး အမေရိကန်ပြည်ထောင်စုကတော့ သူ့ရဲ့ နည်းပညာကို အတင်းကျပ်ဆုံး စစ်ရေးလျှို့ဝှက်ချက်တွေအဖြစ် သတ်မှတ်ထားတာပါ။
အမေရိကန်-တောင်ကိုရီးယား ဆက်ဆံရေးနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့လက KCNA ရဲ့ အာဘော်ဆောင်းပါးတပုဒ်မှာ အဆိုပါ အစီအစဉ်ကို “အန္တရာယ်ရှိတဲ့ ထိပ်တိုက်ရင်ဆိုင် ကြိုးပမ်းမှု”လို့ ခေါ်ဆိုခဲ့ပြီး “နျူကလီးယား ဒိုမီနို ဖြစ်စဉ်”ကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေကြောင့် ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ကင်မ် က ပြောခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၄ရက်နေ့က ကင်ဂျုံအွန်းဟာ ဂျပန်ပင်လယ်လို့ လူသိများတဲ့ အရှေ့ဘက်ပင်လယ်ပြင်မှာ အမျိုးအစားသစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်မှုကို ကြီးကြပ်ခဲ့တယ်လို့လည်း KCNA က ဖော်ပြထားပါတယ်။
“ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အမြင့် ၂၀၀ ကီလိုမီတာရှိ ပစ်မှတ်တုတွေကို တိကျစွာ ထိမှန်ခဲ့တယ်”လို့ KCNA က ဆိုပါတယ်။ အဆိုပါ အမြင့်သာ မှန်ကန်ပါက ကမ္ဘာ့လေထုပြင်ပအထိ ရောက်ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။
Ref : AFP