
၂၄၊ ဒီဇင်ဘာ။
ဧရာ၀တီတိုင်းအတွင်းမှာ အခုနှစ် မိုးစပါးပေါ်ချိန် စပါးစျေးတွေထိုးကျနေတာကြောင့် တောင်သူလယ်သမားတွေမှာ အရှုံးပေါ်ကာ ချေးငှား၊ ရင်းနှီးထားခဲ့တဲ့ သွင်းအားစုတွေအတွက် သူတို့ပိုင်တဲ့ လယ်ယာမြေတွေကို ပေါင်နှံ၊ ရောင်း ချနေကြရတယ်လို့ ပြောကြပါတယ်။
“တင်းတရာကို အများဆုံးရမှ ၁၄ သိန်းဝန်းကျင်ပဲ ရှိတယ်။ တဧကရဲ့ ကုန်ကျစရိတ်က ၇ သိန်း၊၈ သိန်း လောက်ရှိ တာ၊ ဘာမှမကျန်ဘူး။ အရှုံးနဲ့ပဲ ကြုံနေရတယ်။ စပါးစျေး သိန်းနှစ်ဆယ်ဝန်းကျင် ပေါက်မယ်ထင်ပြီးတော့ ဓါတ် မြေဩဇာတွေ၊ သွင်းအားစုတွေ အများကြီး သုံးထားကြတာ။ တချို့တောင်သူတွေ ကြွေးမြီတွေ တင်တယ်၊ ကြွေးမြီတွေ ပြန်မဆပ်နိုင်လို့ လယ်ယာတွေ ပေါင်နှံ၊ ရောင်းချကြရတာတွေ ရှိတယ်” လို့ ဘိုကလေးမြို့နယ်မှ လယ်သမား တဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ အဓိကစိုက်ပျိုးကြတဲ့ ကောက်လတ်စပါးအမျိုးအစားတွေဟာ တင်းတရာကို ကျပ် ၁၂ သိန်းကနေ ၁၄ သိန်းဝန်းကျင်နဲ့ ကောက်လျင်စပါးဟာ တင်းတရာကို ရှစ်သိန်းဝန်းကျင်စျေးသာ ရှိနေတယ်လို့ ဆိုပါ တယ်။ ပြီးခဲ့တဲ့လပိုင်း မိုးစပါးပေါ်စမှာတော့ ကောက်လတ်စပါးတွေဟာ တင်းတရာကို ၁၈ သိန်းဝန်းကျင်အထိ ရှိခဲ့ ပေမယ့် အခုအခါ စျေးပြန်ကျသွားခဲ့တာဖြစ်ပါတယ်။
“စျေးနည်းနည်းကောင်းလာမလား မျှော်လင့်ချက်ရှိခဲ့ကြသေးတယ်။ ဒါပေမယ့် စပါးတွေ အများကြီးပေါ်လာချိန်ကျ တော့ စျေးကကျသွားပြီ။ ဒီဘက် တွေမှာ စိုက်ကြတဲ့ ကောက်လျင်က ရှစ်သိန်းလောက်ပဲ ရှိတယ်။ ဘယ်လိုမှ အရင်း မရဘူး” လို့ မြန်အောင်မြို့နယ်မှ လယ်သမားတဦးဖြစ်တဲ့ ကိုအောင်က ပြောပါတယ်။
အဲဒီလို စပါးစျေးကောင်းမရ၊ အရှုံးပေါ်တာကြောင့် နောက်နှစ်ကျရင် လယ်တွေမလုပ်တော့ဘူးလို့လည်း သူက ဆိုပါ တယ်။ “စပါးစျေးဘာကြောင့် ကျလဲတော့ မသိဘူး၊ ပြောကြတာတော့ နယ်စပ်လမ်းတွေ မကောင်းလို့ ကျတယ်ပြော ကြတာပဲ။ စျေးမကောင်းပေမယ့် အဝယ်တော့လိုက်တယ်” လို့ ကိုအောင်က ပြောပါတယ်။
စပါးစျေးမကောင်းပေမယ့် စပါးသိမ်းချိန် သီးထပ် စိုက်ကြတဲ့ ပဲ၊ နှမ်းစျေးတွေ ကောင်းလာဖို့ မျှော်လင့် နေကြပေမယ့် လက်ရှိအချိန်မှာတော့ ပဲ၊ နှမ်းတို့ရဲ့ စျေးဟာလည်း စျေးကောင်းမရဖြစ်နေတယ်လို့ တောင်သူလယ်သမားတွေက ပြောကြပါတယ်။
“ပဲတွေကလည်း မိုးမိထားတော့ စျေးကောင်းမရဘူး။ တတင်းကို ငါးသောင်းလောက်ပဲရတယ်။ ပဲလှရင်တော့ ရှစ် သောင်းလောက်ရတာပေါ့။ စျေးတက်ဖို့လိုတယ်။ စျေးမတက်ရင် တောင်သူတွေဘ၀ မလွယ်ဘူး၊ လယ်စိုက်လည်း ရှုံး၊ ပဲစိုက်လည်း ရှုံး ဖြစ်နေမှာ” လို့ လေးမျက်နှာမြို့နယ်မှ လယ်သမားတဦးဖြစ်တဲ့ ဦးရွှေထွန်းက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့စပါးစိုက်ရာသီတုန်းကစပါးတင်းတရာကို ကျပ်သိန်းနှစ်ဆယ်
ကျော်ထိ ရခဲ့တာကြောင့် အခုနှစ်မှာလည်း အဲဒီလိုစျေးကောင်းရမယ့် မျှော်လင့်ချက်နဲ့ အထွက်နှုန်းကောင်းစေဖို့ သွင်းအားစုတွေ ပို သုံးခဲ့ကြတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။ ဒါပေမယ့် သူတို့မျှော်လင့်ထားခဲ့သလို စျေးကောင်းမရဖြစ် နေတာပါ။
ဒါ့အပြင် မိုးဦးကာလ ရေကြီးတာ၊ ခရုကိုက်တာတို့ကြောင့်လည်း စပါးခင်း ပျက်စီးမှုတွေ ရှိခဲ့ပြီး ပြန်လည်စိုက်ပျိုး ကြရကာ လယ်သမားတွေအဖို့ ပိုပြီးနစ်နာခဲ့ကြရတယ်လို့ ဆိုပါတယ်။ “ရေကြီးတော့ ပျိုးပင်တွေ ပြန်စိုက်ရတယ်။ ခရုဖျက်တာမှာလည်း တော်တော် ခံရတယ်” လို့ မြန်အောင်မြို့နယ်မှ လယ်သမားကိုအောင်က ပြောပါတယ်။
လယ်ယာလုပ်ငန်းအတွက် အဓိကသုံးကြရတဲ့ ဓါတ်မြေဩဇာတွေဟာ တအိတ်ကို ကျပ်တသိန်းကျော် စျေးရှိနေပြီး ထွန်ယက်၊ ရိတ်ခြွေခတွေ၊ ဒီဇယ်ဆီစျေးတွေနဲ့ အလုပ်သမားစရိတ်တွေဟာလည်း စျေးမြင့်တက်နေတာဖြစ်ပါတယ်။
စပါးစျေးတွေကျနေပေမယ့် ဆန်စျေးကတော့ မကျဘဲ ဆန်ကြမ်းတအိတ်ကို ကျပ်ခြောက်သောင်းကျော်၊ ပေါ်ဆန်း မွှေးတအိတ်ကို ကျပ်တသိန်းခွဲကျော်ထိ ရှိနေပါတယ်။ “စပါးစျေးကျတယ်၊ ဆန်စျေးကျလားဆိုတော့ မကျဘူးပေ့ါ၊ အောက်ခြေက စိုက်ပျိုးထုတ်လုပ်တဲ့သူတွေကတော့ အရမ်းကြီး အရှုံးပေါ်တယ်ပေါ့နော်။ ကုန်သည်တွေပဲ ကြီးပွား နေကြတာ”လို့ ဘိုကလေးမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်း စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲဖြစ်နေကြချိန် စစ်ကော်မရှင်ရဲ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကလည်း ၎င်းတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက်တောင်းခံတာတွေလည်း ရှိနေပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေ
အရ သိရပါတယ်။