မဲပေးဖို့ အကြမ်းဖက်ဖိအားပေး နည်းလမ်းတွေကို စစ်ကော်မရှင်သုံးနေလို့ ကုလပြော

“မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ လူထုကို မဲပေးဖို့ အဓမ္မဖိအားပေးနေတာတွေနဲ့ သဘောထားကွဲလွဲသူတွေကို ဖမ်းဆီးနေတာတွေကို ချက်ချင်းရပ်ရမယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၄၊ ဒီဇင်ဘာ။

မြန်မာနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးလာစေဖို့ အကြမ်းဖက် နည်းလမ်းတွေနဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ အသုံးပြုနေတာကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က ဒီဇင်ဘာ ၂၃ ရက်က အသိပေးလိုက်ပါတယ်။

တဘက်မှာလည်း လက်နက်ကိုင် အတိုက်အခံအဖွဲ့တချို့က ပြည်သူတွေ မဲမပေးစေဖို့ အလားတူ ခြိမ်းခြောက်တဲ့ နည်းလမ်းတွေ အသုံးပြုနေတာကိုလည်း  ကုလသမဂ္ဂအနေနဲ့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး ငါးနှစ်အကြာ၊ ဒီမိုကရေစီကို ပြန်လည်ကူးပြောင်းတာ ဖြစ်တယ်လို့ စစ်ကော်မရှင်က ဆိုထားပေမဲ့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကတော့ စစ်အုပ်ချုပ်ရေးကို ပုံစံပြောင်း သက်တမ်းတိုး လိုက်တာသာဖြစ်လို့ ပယ်ချထားပါတယ်။

ဗော်လ်ကာ တာ့ခ်က “မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ လူထုကို မဲပေးဖို့ အဓမ္မဖိအားပေးနေတာတွေနဲ့ သဘောထားကွဲလွဲသူတွေကို ဖမ်းဆီးနေတာတွေကို ချက်ချင်းရပ်ရမယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာကပ်တဲ့ လူငယ် သုံးဦးကို ထောင်ဒဏ် ၄၂ နှစ်ကနေ ၄၉ နှစ်အထိ ပြင်းထန်စွာ ချမှတ်ခဲ့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း သူက ထောက်ပြထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း အပါအဝင် ဒေသအသီးသီးရှိ စစ်ဘေးရှောင်တွေကို မဲပြန်ပေးဖို့ ပျက်ကွက်ပါက နေအိမ်တွေကို သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အလားတူ လက်နက်ကိုင် အတိုက်အခံအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ရှုတ်ချထားပြီး ပြီးခဲ့တဲ့လက ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲသင်တန်းတက်ဖို့ သွားရောက်တဲ့ ဆရာမ ကိုးဦး ပြန်ပေးဆွဲခံရမှုနဲ့ ရန်ကုန်ရှိ လှည်းကူးနဲ့ မြောက်ဥက္ကလာပ မြို့နယ်အုပ်ချုပ်ရေးရုံးတွေ ဗုံးခွဲတိုက်ခိုက်ခံရမှုက သာဓက ဖြစ်တယ်လို့ အသိပေးထားပါတယ်။

“ပြည်သူတွေအနေနဲ့ လွတ်လပ်ပြီး အနှစ်သာရရှိရှိ ပါဝင်နိုင်ဖို့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ကျင့်သုံးနိုင်မယ့် အခြေအနေမျိုး လုံးဝမရှိဘူး”လို့ ဗော်လ်ကာ တာ့ခ်က မှတ်ချက်ပြုခဲ့ပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်း ၃ပိုငိးခွဲ ကျင်းပမယ်လို့ ထုတ်ပြန်ထားပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အပိုင်း ၁ ကို စတင်ကျင်းပမှာ ဖြစ်ပါတယ်။

Ref – AFP