
“ဒီငွေကိုလက်ခံရင် ကျွန်တော်တို့ အချက်အလက်တွေကို သူတို့ကိုပေးရတယ်။ ဆက်သွယ်ဖို့တွေရော ပေးရတယ်။ သူက စခေါ်ကတည်းကလည်း အုပ်ကြီးတွေက စာရင်းတွေနဲ့ လာခေါ်တာပဲ။ သူတို့ကသာ ကျွန်တော်တို့ကို ကာကွယ်နိုင်မှာပေါ့ အဲ့လိုကာကွယ်နိုင်ဖို့ မဲလာထည့်ကြပါပေါ့။
၂၂၊ ဒီဇင်ဘာလ။
ဧရာဝတီ၊ရခိုင် နယ်စပ် ရေကြည်မြို့နယ်နဲ့ လေးမျက်နှာ မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး အသုတ်မြို့ အနီးတဝိုက်မှာ တိမ်းရှောင်လာရသူ အချို့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဧရာဝတီတိုင်းအစိုးရ ဝန်ကြီးချုပ်က လူတဦးလျှင် သုံးလစာအတွက် ထောက်ပံ့ကြေး ခြောက်သောင်းပေးပြီး ရွေးကောက်ပွဲမှာ မဲလာထည့်ကြဖို့ ဖိအားပေး နေပါတယ်။
“ဒီငွေကိုလက်ခံရင် ကျွန်တော်တို့ အချက်အလက်တွေကို သူတို့ကိုပေးရတယ်။ ဆက်သွယ်ဖို့တွေရော ပေးရတယ်။ သူက စခေါ်ကတည်းကလည်း အုပ်ကြီးတွေက စာရင်းတွေနဲ့ လာခေါ်တာပဲ။ သူတို့ကသာ ကျွန်တော်တို့ကို ကာကွယ်နိုင်မှာပေါ့ အဲ့လိုကာကွယ်နိုင်ဖို့ မဲလာထည့်ကြပါပေါ့။ စာရင်းယူထားတော့ အဲ့စာရင်းမှာ မှတ်ပုံတင်မရှိ၊ ပျောက်ဆုံးတွေကိုလည်း မှတ်ပုံတင် စမတ်ကဒ်ပြန်လုပ်ပေးမယ်ပေါ့ အဲ့ဒါတွေပြောတယ် ” လို့ ပွဲတက်ရောက် စာရင်းပေးခဲ့ရတဲ့ စစ်ရှောင်တဦးက DNA ကိုပြောပါတယ်။
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ စိန်ရတုဓမ္မသာလဗိမာန်မှာ “ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ” မှာ ဝန်ကြီးချုပ်က သူကိုယ်တိုင် ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲကို မဲထဲ့ဖို့ အခုလို စည်းရုံး ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
တိုင်းအစိုးရ အစီအစဉ်နဲ့ စစ်ဘေးရှောင် တဦးကို တလအတွက် ငွေကျပ် နှစ်သောင်းနှုန်းနဲ့ ဇူလိုင်၊ဩဂုတ် နဲ့ စက်တင်ဘာ လတွေအတွက် ငွေကျပ် ခြောက်သောင်း ပေးခဲ့တာလို့ သိရပါတယ်။
ဒီပွဲမှာ စစ်ရှောင်ဘယ်နှဦးကို ထောက်ပံ့ပေးခဲ့လဲဆိုတာကို တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားခြင်း မရှိပေမယ့် တက်ရောက်ခဲ့တဲ့ စစ်ရှောင်တွေကတော့ လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
“နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဆန္ဒမဲများ ပေးရာတွင် တိုင်းပြည်နှင့် ဒေသကောင်းကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေး ရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာ တည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို လိုက်နာ စောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့် ပတ်သက်၍ အသိပညာ ရှိသူများကို ရွေးချယ်၍ ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း ” စသဖြင့် ထည့်သွင်းပြောကြားခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
လေကြောင်းရန် ကာကွယ်ရေးတပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအထိ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ရေကြည်မြို့သား ဦးတင်မောင်ဝင်းဟာ ဧရာဝတီတိုင်းရဲ့ နတခ စစ်တိုင်းမှူး အဖြစ် ၂၀၁၀ မှာ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ တဦးဖြစ်ပါတယ်။လာမယ့် ရွေးကောက်ပွဲမှာလည်း ဦးတင်မောင်ဝင်းဟာ ရေကြည်မြို့နယ်ကနေ တိုင်းဒေသကြီးလွှတ်တော် အတွက် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် ဧရာဝတီအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။