
“ဧရာဝန်ကြီးချုပ်ဆိုလည်း သူဝင်ပြိုင်မယ့်နေရာတွေမှာ ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး လုပ်နေတာပဲ။ ဦးမြင့်ကြိုင်ဆို ပန်းခင်းစီမံချက် လုပ်တဲ့အခါ သူ့မဲဆန္ဒနယ်မှာ ပိုလုပ်ပေးတာတွေ ရှိတယ်။ ဦးချစ်ဆွေကတော့ သူ့လုပ်ပိုင်ခွင့်ထဲကနေ သူက ဧရာကို စီးပွားရေး ကောင်းအောင်၊ ချမ်းသာလာအောင်၊ အကြွေးကင်းသွားအောင် လုပ်ပေးမှာ ဆိုတာမျိုးတွေ ပြောတာပဲ။ အခုအခြေနေက ရွေး/ကော်ဆိုတာ သူတို့စစ်ကောင်စီ ခိုင်းတာလုပ်တဲ့ ရုပ်သေးပဲ ”
၂၃၊ဒီဇင်ဘာ။
စစ်တပ်က ဦးဆောင်လုပ်တဲ့ ရွေးကောက်ပွဲကြို မဲဆွယ်စည်းရုံးရေး အချိန်ကာလမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေအကြား စစ်တပ်ကျောထောက်နောက်ခံ ပါတီဖြစ်တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက တဖက်စောင်းနင်း အသာရနေပါတယ်။
ကြံခိုင်ရေးပါတီရဲ့ ဧရာဝတီတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေထဲမှာ စစ်တပ်က အငြိမ်းစား အရာရှိကြီးတွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးနေရာ ယူထားသူတွေ အပြင် လက်ရှိတိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် အဖြစ်ရှိနေသူတွေ ပါဝင်နေတာပါ။
ဧရာဝတီတိုင်းရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂) အချိုးကျ ကိုယ်စားပြုစနစ်မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်မယ့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေဆိုရင်လည်း သူ့နယ်မြေမှာ မဲဆွယ်စည်းရုံးရာမှာ အသာရနေပါတယ်။
“သူဆိုရင်( ဦးချစ်ဆွေ) မဲဆွယ်မှုတွေမှာ စီးပွားကူးသန်းဝန်ကြီးဖြစ်တယ်ဆိုတာကို အမြဲထည့်သုံးတယ်။ ဒါဟာ ရာထူးအာဏာကို အလွဲသုံးစားလုပ်တာပဲဖြစ်တယ်။ ဒါကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတယ် ဆိုတာ ကြံ့ခိုင်ရေးပါတီကို အခွင့်ထူးပေးထားတာပဲ” လို့ နိုင်ငံရေးပါတီတခုမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ယူထားတဲ့ ဟင်္သာမြို့က လူငယ်တဦးက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်တွင်းမှာ လက်ရှိနေထိုင်နေတဲ့ တရားလွှတ်တော်ရှေ့နေ တဦးက “ ဥပဒေအရကတော့ ဒီလိုတည်ဆဲ တာဝန်တွေကို ထုတ်ဖော်ပြီး မဲဆွယ်တာနဲ့ ပတ်သက်လို့ တိကျတဲ့ ပြဌာန်းမှုမျိုး မရှိဘူး။ ရှေ့မှာလည်း တခါမှ မဖြစ်ဖူးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ အမြင်ကတော့ ဒါက ကျန်ပြိုင်ဘက်တွေအပေါ် မတရားတဲ့ ပြုလုပ်မှုသာ ဖြစ်တယ်။ ဒါကို ခွင့်ပြုပေးလိုက်တဲ့ UEC ရဲ့ ဘက်လိုက်မှုသာ ဖြစ်တယ် ” လို့ မှတ်ချက်ပြုပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ် ပြဌာန်းချက်မှာတော့ ရွေးကောက်ပွဲ၌ မလျော်ဩဇာ သုံးခြင်းဆိုတဲ့ ပြဌာန်းချက်မျိုး ပါဝင်ပေမယ့် ရွေးကောက်ပွဲနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထိခိုက်ပျက်ပြားစေမယ့် အပြုအမူမျိုးကိုသာ ဖော်ပြထားတာတွေ့ရပါတယ်။
စစ်တပ်က ဦးဆောင်တဲ့ ရွေးကောက်ပွဲရဲ့ မတရားမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ခံကလည်း ကြံ့ခိုင်ရေးပါတီမှာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး မဲဆွယ်စည်းရုံးနေတဲ့ အခြားသော လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ အမျိုးသားရေး အစွန်းရောက်သူတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။
“ဧရာဝန်ကြီးချုပ်ဆိုလည်း သူဝင်ပြိုင်မယ့်နေရာတွေမှာ ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး လုပ်နေတာပဲ။ ဦးမြင့်ကြိုင်ဆို ပန်းခင်းစီမံချက် လုပ်တဲ့အခါ သူ့မဲဆန္ဒနယ်မှာ ပိုလုပ်ပေးတာတွေ ရှိတယ်။ ဦးချစ်ဆွေကတော့ သူ့လုပ်ပိုင်ခွင့်ထဲကနေ သူက ဧရာကို စီးပွားရေး ကောင်းအောင်၊ ချမ်းသာလာအောင်၊ အကြွေးကင်းသွားအောင် လုပ်ပေးမှာ ဆိုတာမျိုးတွေ ပြောတာပဲ။ အခုအခြေနေက ရွေး/ကော်ဆိုတာ သူတို့စစ်ကောင်စီ ခိုင်းတာလုပ်တဲ့ ရုပ်သေးပဲ ” လို့ သူ့ရဲ့ တွေ့ရှိချက်ကို ပြောပြပါတယ်။
ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့်သူတွေ၊ ပါတီတွေ အနေနဲ့လည်း ဒီလိုမျိုး ပေါ်ပေါ်ထင်ထင် ဘက်လိုက်မှုမျိုးတွေကို လျစ်လျူရှုထားတာနဲ့ ပတ်သက်ပြီး “ သူတို့ကိုယ်တိုင်ကလည်း အထိတ်တလန့်နဲ့ ဝင်ပြိုင်နေရတာမျိုးပဲ။ မတရားဘူးဆိုတာကို ထင်တာ မဟုတ်ပဲ မြင်နေရတဲ့ အခင်းအကျင်းကြီးမှာ မတရားဘူးဆိုတာကိုတောင် ပေါ်ပေါ်ထင်ထင် မပြောရဲတဲ့ အခြေအနေနဲ့ ဝင်ပြိုင်ကြတာ ရယ်စရာကြီး ” လို့ မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်း – မြန်မာ နယ်စပ်တနေရာမှာ ပြုလုပ်ခဲ့တဲ့ “ မပြိုင်ခင်က နိုင်နှင့်သည် ” ဆိုတဲ့ စစ်တပ်မှ ကူးပြောင်းလာသူများ မုချ အနိုင်ရစေရန် ပြုလုပ်ထားပြီး စစ်အုပ်ချုပ်ရေး အထိုင်ချသည့် အတုအယောင်ရွေးကောက်ပွဲ လေ့လာဆန်းစစ်မှု စစ်တမ်းမှာလည်း မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြံ့ခိုင်ရေး ပါတီအပေါ် ဘက်လိုက်မှုတွေကို ဖော်ပြထားချက်တွေ ပါရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ DNA က မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသောင်းအေးနဲ့ အတွင်းရေးမှူး ဒေါ်စန်းစန်းအေး တို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်းမရှိခဲ့ကြပါဘူး။