
သေဆုံးသူဟာ အသက် ၅၆ နှစ်အရွယ် ရုရှားစစ်ဘက် လေ့ကျင့်ရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ် ဆာဗာရော့ဗ် ဖြစ်ပြီး သူ့ရဲ့ ကားအောက်မှာ တပ်ဆင်ထားတဲ့ ဗုံးက မော်စကိုတောင်ပိုင်း လူနေရပ်ကွက်တခုအတွင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
၂၃၊ ဒီဇင်ဘာ။
အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီမှာ ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်တွေက စစ်ပွဲအဆုံးသတ်ရေးအတွက် သီးခြားစီ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး နာရီပိုင်းအကြာ မော်စကိုမြို့တော်တောင်ပိုင်းမှာ ရုရှားဗိုလ်ချုပ်ကြီးတဦး လုပ်ကြံလိုက်ရပါတယ်။
ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကားဗုံးပေါက်ကွဲမှုဟာ ရုရှားစစ်ဘက် ထိပ်တန်းအရာရှိကြီးတွေ ပစ်မှတ်ထား လုပ်ကြံခံရတဲ့ နောက်ထပ်ဖြစ်ရပ်တခု ဖြစ်လာခဲ့တာလို့လည်း ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယူကရိန်းဘက်က တစုံတရာ မှတ်ချက်ပေးတာတွေ မရှိသေးပေမဲ့ ရုရှားစုံစမ်းစစ်ဆေးရေးမှူးတွေကတော့ တိုက်ခိုက်မှုဟာ ယူကရိန်းအထူးတပ်ဖွဲ့တွေနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိကို အလေးထား စုံစမ်းစစ်ဆေးနေကြပါတယ်။
သေဆုံးသူဟာ အသက် ၅၆ နှစ်အရွယ် ရုရှားစစ်ဘက် လေ့ကျင့်ရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ် ဆာဗာရော့ဗ် ဖြစ်ပြီး သူ့ရဲ့ ကားအောက်မှာ တပ်ဆင်ထားတဲ့ ဗုံးက မော်စကိုတောင်ပိုင်း လူနေရပ်ကွက်တခုအတွင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
AFP သတင်းထောက်တွေရဲ့ အဆိုအရ အဖြူရောင် Kia SUV အမျိုးအစား ကားတစီးဟာ ပေါက်ကွဲမှုကြောင့် တံခါးတွေနဲ့ နောက်မှန်တွေ လွင့်ထွက်ကာ ကားတစီးလုံးလည်း မီးကျွမ်းသွားပြီး ပုံပျက်ပန်းပျက် ဖြစ်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက ပေါက်ကွဲမှုအကြွင်းအကျန်တွေကို ရှာဖွေစစ်ဆေးနေကြပါတယ်။
“ဒါမျိုး ဖြစ်လာမယ်လို့ လုံးဝ မထင်ထားဘူး။ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းပြီလို့ ထင်နေတုန်းမှာပဲ အနားမှာတင် ဒါမျိုး ဖြစ်လာတာ”လို့ အသက် ၇၄ နှစ်အရွယ် ဒေသခံ တာတီယာနာက ပြောပါတယ်။
ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကတော့ “ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး လမ်းကြောင်းမျိုးစုံကနေ စုံစမ်းနေပါတယ်။ တခုကတော့ ယူကရိန်း အထူးတပ်ဖွဲ့တွေက စီစဉ်တာ ဖြစ်နိုင်ခြေပဲ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်ကြီး ဆာဗာရော့ဗ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ချေချင်းညာအပါအဝင် မြောက်ပိုင်း ကော့ကေးဆပ် စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် ကာလတွေက ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့တွေကို ကွပ်ကဲခဲ့သူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့က ယူကရိန်းကိုယ်စားလှယ် ရပ်စ်တန် အူမီရော့ဗ်နဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ဟာ ဆွေးနွေးမှုအတွင်း တိုးတက်မှုတွေ ရှိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
လေးနှစ်ကြာ ကာလကို ရောက်လာပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်က ကြားဝင်စေ့စပ်မှုတွေ အရှိန်မြှင့်နေစဉ် မိုင်ယာမီမှာ သုံးရက်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို လုပ်ကြံမှု ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်ကို သမ္မတ ပူတင်ဆီ အစီရင်ခံထားတယ်လို့ ကရင်မလင်က ဆိုပါတယ်။
Ref – AFP