
နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတခုဖြစ်တဲ့ အထွေထွေနယ်စပ်ကော်မတီ (GBC) က ဒီဇင်ဘာ ၂၄ ရက်မှာ ထိုင်းနိုင်ငံ၊ ချန်သဘူရီပြည်နယ်မှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။
၂၃၊ ဒီဇင်ဘာ။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ နယ်စပ် ပဋိပက္ခတွေကို အဆုံးသတ်ဖို့ နှစ်နိုင်ငံ ကာကွယ်ရေး တာဝန်ရှိသူတွေဟာ လာမယ့် ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း အာဆီယံရဲ့ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေက နှစ်နိုင်ငံစလုံး အစွမ်းကုန် ထိန်းသိမ်းကြဖို့ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းထားကြပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အရေးပေါ်တွေ့ဆုံပြီး အဆိုပါ ပဋိပက္ခအရေး ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ “အပစ်အခတ်ရပ်စဲရေးနဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး ဆွေးနွေးမှုသစ်တွေကို ကြိုဆိုကြောင်း” ဖော်ပြထားပါတယ်။
နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတခုဖြစ်တဲ့ အထွေထွေနယ်စပ်ကော်မတီ (GBC) က ဒီဇင်ဘာ ၂၄ ရက်မှာ ကမ္ဘောဒီးယားနဲ့နယ်စပ်အနီး ထိုင်းနိုင်ငံ၊ ချန်သဘူရီပြည်နယ်မှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုဒီဇင်ဘာလအတွင်း တကျော့ပြန် မြင့်တက်လာတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်က ၂၂ ဦးနဲ့ ကမ္ဘောဒီးယားဘက်က ၁၉ ဦး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ကမ္ဘောဒီးယား အစိုးရရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း နယ်စပ်တိုက်ပွဲတွေကြောင့် အရပ်သား ငါးသိန်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အာဆီယံဝန်ကြီးတွေက အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ အခြေခံအဆောက်အအုံ ပျက်စီးမှုနဲ့ လူအမြောက်အမြား အိုးအိမ်စွန့်ခွာနေရမှုအပေါ် အထူးစိုးရိမ်ကြောင်း ပြောကြားထားပြီး နယ်စပ်နေ ပြည်သူတွေ နေရပ်ဆီ ဘေးကင်းစွာ ပြန်နိုင်ရေး ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆပ် ဖုန်ကေတီယိုက “အပစ်အခတ်ရပ်စဲရေး ကြေညာရုံနဲ့ အလုပ်မဖြစ်ဘူး။ မြေပြင်အခြေအနေကို တကယ်ထင်ဟပ်တဲ့ နှစ်ဘက်စလုံးက အပြည့်အဝ လေးစားလိုက်နာမယ့် အသေးစိတ် အကောင်အထည်ဖော်မှု အစီအစဉ် ရှိရမယ်”လို့ အသိပေးထားပါတယ်။
ဒါပေမဲ့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ ပြုလုပ်နေစဉ်မှာပဲ တနင်္လာနေ့ ညနေပိုင်းက ထိုင်းလေတပ်ကနေပြီး F-16 တိုက်လေယာဉ်တွေနဲ့ ကမ္ဘောဒီးယား ပိုင်နက်ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖနွမ်းပင်ဘက်က စွပ်စွဲထားပါတယ်။
အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အာဆီယံဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေမှာ အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်ရှိနေပြီလို့ သတိပေးထားပါတယ်။
အခုလို ပဋိပက္ခတွေဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်နေတယ်လို့လည်း သူက ဆိုပါတယ်။
အရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက်တွေ ရှိခဲ့ပေမဲ့ အခုတကြိမ်မှာတော့ အမေရိကန် ပါဝင်မှု မရှိဘူးလို့ ဆိုပါတယ်။
လေ့လာသူတွေကတော့ အဆိုပါ နယ်စပ်ပြဿနာဟာ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ ဆက်နွှယ်နေကြောင်း ထောက်ပြကြပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာထားပါတယ်။