ဧရာဝတီတိုင်းမှာ မြို့ရော ကျေးလက်ပါမကျန် လောင်းကစားဝိုင်းတွေ ပေါများနေ

“လူတွေကို နိုင်ငံရေးစိတ်ဝင်မစားရင် ပြီးရော မူးယစ်ဆေးချမလား ၊ လောင်းကစားလုပ်မလား အဲဒီဘက်တွေ အာရုံလွဲအောင် လွှတ်ပေးထားပုံပဲ။ မူးယစ်ဆေးဆိုလည်း အရမ်းပေါ၊ လောင်းကစားဆိုလည်း အွန်လိုင်းလောင်းကစားရော ၊ အာဝါးဒေးပွဲတွေရော လူတွေက အဲဒီမှာ တဝဲလည်လည် အကြွေးနွံနစ်နေကြတာ”

၂၃၊ ဒီဇင်ဘာ။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဧရာ၀တီတိုင်းအတွင်းမှာ နှစ်သုံး၊ သုံးလုံးထီနဲ့ လောင်းကစားဝိုင်းတွေ မြို့ရော၊ကျေးလက်ဒေသတွေမှာပါ စည်ကားနေပါတယ်။ စစ်တပ်ရဲ့ နယ်မြေခံ တပ်ရင်းတွေရဲ့ အရာရှိတွေ ၊ ခရိုင်အဆင့် ၊ မြို့နယ့်အဆင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေ ၊ ရဲတပ်ဖွဲ့တွေ အစရှိတဲ့ အုပ်ချုပ်ရေးပိုင်းက လိုင်းကြေးယူပြီး တရားမဝင် ခွင့်ပြုပေးနေတာပါ။

“အရင်က ကြက်၀ိုင်းတွေလောက်ပဲ တပတ်တခါလောက်ရှိတာ၊ အခုက တအား တွင်ကျယ်လာတယ်၊ အဲလိုလုပ် လိုက်တော့ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းပြီးတော့ ဒီလောင်းကစားကိုပဲ အာရုံစိုက်လာကြတယ်။ တချို့ဆို လယ်တွေ ယာတွေ ဆုံးရှုံးတဲ့ထိ ဖြစ်လာတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အဲလိုမျိုးတွေ ဖြစ်လာတာ” လို့ ဘိုကလေးမြို့နယ် သူဇာ၀ကျေးရွာအုပ်စုမှ လူငယ်တဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က ယုန်သလင်းတိုက်နယ် မဒေါ့တလုတ်ကုန်း ကျေးရွာမှာ ခရစ်စမတ် အထိမ်းအမှတ်အဖြစ် လောင်းကစားဝိုင်းကို ဟင်္သာတမြို့ အခြေစိုက် ခြေလျှင်တပ်ရင်း ဖြစ်တဲ့ ခလရ(၁၈)က စစ်သားတွေက သေနတ်ပစ်ဖေါ် ဝင်ရောက် စီးနင်းခဲ့တယ်လို့ ယုန်သလင်းဒေသခံတဦးက ပြောပါတယ်။

“ သေနတ်သံ ၁၀ ချက်လောက် ရှိမယ်ထင်တယ် ကြားရတာ ၊ အကုန်လုံးလည်း ဝရုန်သုံးကား ထွက်ပြေးကြတာတဲ့ ။ တကယ်တော့ တရားဝင်ကြီးလို လုပ်နေကြတာပဲလေ ၊ သူတို့ခွင့်ပြုချက် မပါပဲ ဘယ်လုပ်ရဲကြပါ့မလဲ ။ အချင်းချင်း ဘာတွေ အပေးအယူမတဲ့လို့ ဝင်ဖမ်းလဲတော့ မသိဘူး”လို့ ဆိုပါတယ်။

အဲဒီ လောင်းကစားဝိုင်းကို ဟင်္သာတမြို့က လောင်းကစား ဒိုင်ချုပ်တဦးက ခလရ(၁၈)ရဲ့ တပ်ရင်းမှူး နဲ့ စသုံးလုံး ခရိုင်တာဝန်ခံကိုသာ လိုင်းကြေးပေးပြီး ခလရ(၁၈) နောက်တန်းမှူးကို လိုင်းကြေးမပေးတဲ့အတွက် နောက်တန်းမှူးကိုတိုင် ဦးစီးပြီး ဝင်ဖမ်းခဲ့တာလို့ သိရပါတယ်။ အဲဒီက လောင်းကစားဝိုင်းကနေ ဖမ်းမိခဲ့တဲ့ ခြောက်ကောင်ခုံ တခုံကို နှစ်သိန်း ဆိုင်ကယ် တစီကို ၂ သိန်းနဲ့ ပြန်ရွေးယူခိုင်းနေတယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းမှာ အရင် အရပ်သား အစိုးရလက်ထက်က မရှိခဲ့တဲ့ လောင်းကစားဝိုင်းတွေဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ နောက်ကွယ်က ဦးစီးမှုနဲ့ ပေါ်ပေါက်လာတာလို့ ဟင်္သာတမြို့မှ အသက် ၄၀ ဝန်းကျင် လူလတ်ပိုင်း တဦးက သုံးသပ်ပါတယ်။

“လူတွေကို နိုင်ငံရေးစိတ်ဝင်မစားရင် ပြီးရော မူးယစ်ဆေးချမလား ၊ လောင်းကစားလုပ်မလား အဲဒီဘက်တွေ အာရုံလွဲအောင် လွှတ်ပေးထားပုံပဲ။ မူးယစ်ဆေးဆိုလည်း အရမ်းပေါ၊ လောင်းကစားဆိုလည်း အွန်လိုင်းလောင်းကစားရော ၊ အာဝါးဒေးပွဲတွေရော လူတွေက အဲဒီမှာ တဝဲလည်လည် အကြွေးနွံနစ်နေကြတာ”လို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်ဘက်မှာတော့ တချို့ရွာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းက ရာအိမ်မှူးတွေတောင် ရွာထဲ ဖဲဝိုင်းထောင်နေတယ်လို့လည်း ဒေသခံတဦးက dna ကို ပြောပါတယ်။

ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်းက မြို့တော်ပုသိမ်အပါအဝင် နယ်မြို့တွေမှာလည်း အခုလို လောင်းကစားဝိုင်းတွေ တွင်တွင်ကျယ်ကျယ် ရှိလာကာ အလုပ်အကိုင်ရှားပါး၊ အဆင်မပြေကြချိန် ပြည်သူတွေမှာ လောင်းကစားဘက် စိတ်ယိုင်ပြီး အိမ်ပေါင်၊ ယာပေါင်ထိ ဖြစ်နေကြရတယ်လို့ ပြောကြပါတယ်။

“ဒီဘက်က ရွာတွေမှာလည်း ရှိတယ်၊ ရွာတိုင်းမှာ ဖဲဝိုင်းရှိတယ်၊ နောက် ဂျောက်ဂျက်ဝိုင်း၊ ခြောက်ကောင်ဂျင်ခေါ် လားမသိဘူး။ အဲဒါတွေ နေ့တိုင်းရှိတယ်၊ ကြက်ဝိုင်းလည်း ရှိတယ်။ လောင်းကြေးတွေလည်း မနည်းဘူး အဲဒီဝိုင်း တွေမှာ” လို့ ဖျာပုံမြို့နယ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

အချို့မြို့နယ်တွေမှာတော့ အဲဒီလောင်းကစားဝိုင်းတွေ၊ နှစ်လုံးထီ၊ သုံးလုံးထီ အရောင်းသမား၊ ဒိုင်တွေဆီကနေ ရဲ တပ်ဖွဲ့ဝင်တွေကိုယ်တိုင်လာ ဆပ်ကြေးကောက်ခွင့်ပြုနေတာရှိတယ်လို့ သိရပါတယ်။

“ရဲနဲ့ အုပ်ကြီးတွေ ပေါင်းလုပ်တာ၊ လိုင်းကြေးတွေ အုပ်ကြီးကတောင်းတယ်၊ တောင်းမရရင် ရဲခေါ်တောင်းတယ် အဲဒီလို လုပ်စားနေတာ၊ 2D၊ 3D ကြောင့် အများကြီးနစ်နာကြရတယ်၊ မြတ်တဲ့သူကနည်းနည်းပါ၊ ရှုံးတဲ့သူမှာ လယ် ရောင်း၊ အိမ်ရောင်းနဲ့ဖြစ်သွားကြရတယ်။ အရောင်းသမားတွေကတော့ အဆင်ပြေတာပေ့ါ” လို့ လပွတ္တာ မြို့နယ်မှ သတ်လက်ပိုင်းအရွယ်အမျိုးသားတဦးက ပြောပါတယ်။

လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး လယ်ယာထွက်ပစ္စည်း၊ စပါး၊ ဆန်တွေ စျေးကောင်းမရဖြစ်နေတဲ့ ဧရာ၀တီတိုင်းအတွင်းက ပြည်သူတွေဟာ စစ်မှုထမ်းကြေးလည်း လစဉ် ပေးနေကြရတာကြောင့် အကြပ်အတည်းတွေ နဲ့ ကြုံနေရချိန် အခုလို လောင်းကစားဝိုင်းတွေပါ တွယ်ကျယ်နေတော့ ပိုခက်ခဲနေကြရတာ ဖြစ်ပါတယ်။