ဆစ်ဒနီတိုက်ခိုက်မှုအပြီး ဂျူးလူမျိုးတွေကို အစ္စရေးနိုင်ငံဆီ ပြန်လာဖို့ နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

“ဒီနေ့ခေတ်မှာ ဂျူးတွေဟာ ကမ္ဘာအနှံ့မှာ လိုက်လံတိုက်ခိုက်ခံနေရတယ်”လို့ ဆိုပြီး ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ကနေဒါနဲ့ ဘယ်လ်ဂျီယံမှာရှိတဲ့ ဂျူးတွေကို “အစ္စရေးမြေဆီ လာကြပါ၊ အိမ်ပြန်လာကြပါ” လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

၂၂၊ ဒီဇင်ဘာ။

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ဂျူးပွဲတော်မှာ လူသေဆုံးတဲ့ တိုက်ခိုက်ခံရပြီး တပတ်အကြာမှာ အနောက်နိုင်ငံတွေမှာနေတဲ့ ဂျူးတွေအနေနဲ့ အစ္စရေးနိုင်ငံဆီ ပြောင်းရွှေ့လာကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဂိဒီယွန် ဆားရ်က တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာတဝန်းမှာ ဂျူးမုန်းတီးရေးစိတ်ဓာတ်တွေ သိသိသာသာ ပြင်းထန်လာနေတယ်လို့ ဂျူးပွဲတော်တခုဖြစ်တဲ့ ဟာနူကာပွဲတော် နောက်ဆုံးနေ့ ဖယောင်းတိုင်ထွန်းပွဲမှာ ဝန်ကြီးက အခုလို ပြောခဲ့တာပါ။

ဂျူးတွေဟာ ဘယ်နေရာမှာမဆို လုံလုံခြုံခြုံ နေပိုင်ခွင့်ရှိပေမဲ့ သမိုင်းကိုကြည့်ရင် လုံခြုံရေးဆိုတာ အလိုလိုရလာတာ မဟုတ်ဘူးလို့ သူက သတိပေးထားပါတယ်။ “ဒီနေ့ခေတ်မှာ ဂျူးတွေဟာ ကမ္ဘာအနှံ့မှာ လိုက်လံတိုက်ခိုက်ခံနေရတယ်”လို့ ဆိုပြီး ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ကနေဒါနဲ့ ဘယ်လ်ဂျီယံမှာရှိတဲ့ ဂျူးတွေကို “အစ္စရေးမြေဆီ လာကြပါ၊ အိမ်ပြန်လာကြပါ” လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ဆစ်ဒနီမြို့၊ ဘွန်ဘီကမ်းခြေက ဂျူးပွဲတော်တခုမှာ လူ ၁၅ ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု အပြီး ဒီဖြစ်ရပ်ဟာ အိုင်အက်စ်အဖွဲ့ရဲ့ အယူဝါဒနောက်လိုက်ပြီး လုပ်ခဲ့တာလို့ ဩစတြေးလျအစိုးရက အသိပေးထားပါတယ်။

၂၀၂၃ အောက်တိုဘာမှာ ဟားမတ်စ်က အစ္စရေးကို စတိုက်ပြီး ဂါဇာစစ်ပွဲ စကတည်းက အနောက်နိုင်ငံတွေမှာ ဂျူးဆန့်ကျင်ရေးဝါဒတွေ အရမ်းများလာတယ်လို့ အစ္စရေးခေါင်းဆောင်တွေက မကြာခဏဆိုသလို သတိပေးနေတာပါ။

ဂျူးလူမျိုးတွေကို ကာကွယ်ပေးဖို့ တခြားနိုင်ငံတွေက အစိုးရတွေဟာ ပျက်ကွက်နေတယ်လို့လည်း သူတို့က စွပ်စွဲထားပါတယ်။ ဝန်ကြီးချုပ် နေတန်ညာဟုကလည်း ဂျူးတွေရဲ့ လုံခြုံရေးကို မြှင့်တင်ပေးဖို့ အနောက်နိုင်ငံတွေကို တောင်းဆိုထားသလို ဒါဟာ အဲဒီအစိုးရတွေရဲ့ တာဝန်ပဲလို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မန်ချက်စတာမှာရှိတဲ့ ဂျူးဝတ်ပြုကျောင်းအပြင်ဘက်မှာ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဂျူးမုန်းတီးရေးလှိုင်းလုံးတွေကို မတားဆီးနိုင်တဲ့အတွက် ဝန်ကြီးချုပ် ဆားရ်က ဗြိတိန်အာဏာပိုင်တွေကို ဝေဖန်ခဲ့ပါသေးတယ်။

အစ္စရေးရဲ့ ၁၉၅၀ ခုနှစ်၊ နိုင်ငံဆီ ပြန်လာခွင့် ဥပဒေအရ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဂျူးလူမျိုးမဆို အစ္စရေးကို ပြောင်းလာပြီး နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသလို ဘိုးဘွားထဲမှာ ဂျူးတယောက်ပါရင်တောင် ဒီဥပဒေနဲ့ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

Ref – AFP