ဘင်္ဂလားဒေ့ရှ်ရဲ့ ကြွေလွင့်လူငယ်ခေါင်းဆောင် ဟာဒီ


အသက် ၃၂ နှစ်အရွယ် ဟာဒီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ဒါကာမြို့လယ်ခေါင်မှာ အနီးကပ် သေနတ်နဲ့ အပစ်ခံခဲ့ရတာပါ။

၂၁၊ ဒီဇင်ဘာ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ အခုရက်ပိုင်းအတွင်း ဒေါသလှိုင်းတွေနဲ့အတူ ဝမ်းနည်းမှုတွေ ဖုံးလွှမ်းနေပါတယ်။

နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့တဲ့ လူငယ်ခေါင်းဆောင် ရှာရစ်ဖ် အော်စမန် ဟာဒီ တယောက် ဆေးရုံခုတင်ပေါ်မှာပဲ နောက်ဆုံးထွက်သက်ကို စွန့်လွှတ်လိုက်ရလို့ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဟာဒီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ဒါကာမြို့လယ်ခေါင်မှာ အနီးကပ် သေနတ်နဲ့ အပစ်ခံခဲ့ရတာပါ။

ဒဏ်ရာက ပြင်းထန်လွန်းလို့ စင်ကာပူအထိ ခေါ် သွားပြီး ဆေးကုခဲ့ပေမဲ့ ခြောက်ရက်အကြာ ဒီဇင်ဘာ ၁၈ ရက်မှာတော့ အသက်လုပွဲကို ရှုံးနိမ့် သွားခဲ့ရပါတယ်။

ဟာဒီဆိုတာ ဘယ်သူလဲလို့ မေးရင် ၂၀၂၄ ခုနှစ် ဇူလိုင်လတုန်းက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ရာထူးကနေ ပြုတ်ကျသွားအောင် လုပ်နိုင်ခဲ့တဲ့ လူထုအုံကြွမှုကြီးရဲ့ အဓိက ခေါင်းဆောင်တဦးလို့ ပြောရမှာပါ။

သူဟာ ကျောင်းသားတွေနဲ့ တခြားနိုင်ငံရေးအင်အားစုတွေကြားမှာ ပေါင်းကူးတံတားလို ချိတ်ဆက်ပေးခဲ့သူဖြစ်သလို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက် တောင်းဆိုချက်တွေကို စနစ်တကျ စည်းရုံးလှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။

အာဏာရှင် ရှိတ်ဟာဆီနာ ပြုတ်ကျပြီးနောက်မှာလည်း သူဟာ ငြိမ် မနေခဲ့ပါဘူး။

အင်ကီလက် မွန်ချိုဆိုတဲ့ တော်လှန်ရေးအဖွဲ့ကို ထောင်ပြီး ရှိတ်ဟာဆီနာနဲ့ သူ့ကိုကျောထောက်နောက်ခံပေးထားတဲ့ အိန္ဒိယရဲ့ လွှမ်းမိုးမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဟာဒီကို ၁၉၉၃ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊
ဇာလိုကာသီခရိုင်ကမွတ်စလင်မိသားစုတခုမှာ မွေးဖွားခဲ့တာပါ။

သူက မောင်နှမ ခြောက်ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး ဘာသာရေးကို အလေးထားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူဖြစ်ပါတယ်။

အဖေဖြစ်သူက မဒရာဆာ ကျောင်းဆရာတဦးဖြစ်သလို ဒေသတွင်း အီမာန်ဘာသာရေးခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

ဟာဒီဟာ မဒရာဆာကျောင်းကနေပဲ အထက်တန်းအောင်ခဲ့ပြီးနောက် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှာ ဒါကာတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တက်ရောက်သင်ကြားခဲ့ပြီး ဒါကာက ပုဂ္ဂလိကတက္ကသိုလ်တခုမှာ စီးပွားရေးဘာသာရပ်ဆိုင်ရာ ကထိကတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံရေးခရီးလမ်းဟာ ၂၀၂၄ ဇူလိုင် တော်လှန်ရေးအပြီးမှာ အရှိန်အဟုန်နဲ့ လူသိများလာခဲ့တာပါ။

Inqilab Monchoအဖွဲ့တည်ထောင်သူနဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူရင်း အိန္ဒိယရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင်တာ၊ ကျဆုံးသွားတဲ့ ကျောင်းသားတော်လှန်ရေးသမားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်တာတွေကြောင့် လူငယ်ထုကြားမှာ ခေါင်းဆောင်တဦး ဖြစ်လာခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာလုပ်မယ့် ရွေးကောက်ပွဲမှာလည်း ဒါကာမြို့ရဲ့ အချက်အချာကျတဲ့ နေရာကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖို့ ဟာဒီ က ပြင်ဆင်နေတာပါ။

ဒါပေမဲ့ မဲဆွယ်စည်းရုံးရေး စတင်တဲ့နေ့မှာတင် မျက်နှာဖုံးစွပ် သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ဟာဒီ ကွယ်လွန်သွားချိန်မှာ ဇနီးနဲ့ သားသမီးတဦး ကျန်ရစ်ခဲ့ပါတယ်။

ဒီ့အတွက် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ ဒေါက်တာ မူဟာမက် ယူနွတ်စ်က သူတို့မိသားစုကို အစိုးရကပဲ အပြည့်အဝ တာဝန်ယူ စောင့်ရှောက်သွားမယ်လို့ ကတိပေးထားပါတယ်။

ဒေါက်တာ ယူနွတ်စ်က ဟာဒီ ကို “ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့တဲ့ မကြောက်မရွံ့တဲ့ သူရဲကောင်း”လို့ ဂုဏ်ပြုခဲ့ပြီး တနိုင်ငံလုံး အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်တဝက် လွှင့်ထူစေခဲ့ပါတယ်။

ဟာဒီ သေဆုံးသွားတဲ့ သတင်းကြောင့် လူရာပေါင်းများစွာဟာ လမ်းမပေါ်ထွက်ပြီး တရားခံကို အမြန်ဆုံး ဖမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေကနေတဆင့် အိန္ဒိယဆန့်ကျင်ရေး စိတ်ဓာတ်တွေလည်း အရှိန်မြင့်တက်လာတာပါ။

ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ အိန္ဒိယဘက်လိုက်တယ်လို့ ယူဆရတဲ့ Prothom Alo နဲ့ Daily Star သတင်းစာတိုက်တွေကို ဝင်ရောက်စီးနင်းပြီး မီးရှို့တာတွေအထိ လုပ်ခဲ့ကြလို့ သတင်းထောက်တွေပါ အထဲမှာ ပိတ်မိခဲ့တဲ့အထိ အခြေအနေက ဆိုးရွားခဲ့ပါတယ်။

စစ်တကောင်းမြို့က အိန္ဒိယသံရုံးခွဲတွေနားမှာလည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့သလို ဟာဒီ ကို ပစ်သတ်ခဲ့တဲ့ တရားခံက အိန္ဒိယကို ထွက်ပြေးသွားနိုင်တယ်လို့ သတင်းထွက်လာတာကြောင့် နှစ်နိုင်ငံကြား သံတမန်ရေး ပဋိပက္ခတွေပါ ဖြစ်လာခဲ့ပါတယ်။

အခုချိန်မှာတော့ ဟာဒီ မျှော်လင့်ခဲ့တဲ့ “ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်” ကို တည်ဆောက်ဖို့ ဒေါက်တာ ယူနွတ်စ်က တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ ဟာဒီရဲ့ အသက်ကို နုတ်ယူသွားတဲ့ လက်သည်တရားခံကို မဖော်ထုတ်နိုင်သရွေ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လမ်းမတွေပေါ်က ဒေါသလှိုင်းတွေ ငြိမ်သက်သွားဖို့ မလွယ်သေးဘူးလို့ ဆိုရမှာပါ။