ICJ ရဲ့ မြန်မာ့အရေး လူမျိုးတုန်းသတ်ဖြတ်မှု ကြားနာပွဲ ဇန်နဝါရီမှာ စမယ်

ကြားနာပွဲ အစီအစဉ်အရ ပထမပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁၂ ကနေ ၁၅ ရက်အထိ တရားလို ဂမ်ဘီယာနိုင်ငံဘက်က စတင်လျှောက်လဲမှာဖြစ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု မကျူးလွန်ဘူးလို့ ငြင်းဆိုထားတဲ့ မြန်မာဘက်ကတော့ ဇန်နဝါရီ ၁၆ ကနေ ၂၀ အတွင်း ပြန်လည်ချေပခွင့် ရမှာဖြစ်ပါတယ်။

၂၀၊ ဒီဇင်ဘာ။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး လာမယ့် ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ကြားနာစစ်ဆေးသွားတော့မှာပါ။

ဒီအမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က ပထမဆုံးအကြိမ် အမှုရဲ့ အဓိကအရးကြီးပါတဲ့အပိုင်းကို အသေးစိတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒါဟာ ဂါဇာစစ်ပွဲအတွက် အစ္စရေးကို တရားစွဲထားတဲ့ တောင်အာဖရိကရဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် တကမ္ဘာလုံးက စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ကြားနာပွဲ အစီအစဉ်အရ ပထမပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁၂ ကနေ ၁၅ ရက်အထိ တရားလို ဂမ်ဘီယာနိုင်ငံဘက်က စတင်လျှောက်လဲမှာဖြစ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု မကျူးလွန်ဘူးလို့ ငြင်းဆိုထားတဲ့ မြန်မာဘက်ကတော့ ဇန်နဝါရီ ၁၆ ကနေ ၂၀ အတွင်း ပြန်လည်ချေပခွင့် ရမှာဖြစ်ပါတယ်။

ထူးခြားချက်တခုကတော့ သက်သေတွေကို ကြားနာဖို့ သုံးရက်ကြာ အချိန်ပေးထားတာဖြစ်ပြီး ဒါကိုတော့ အများပြည်သူနဲ့ မီဒီယာတွေကို ပေးမဝင်ဘဲ တံခါးပိတ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ “လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ” ပါဝင်နေတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ဆုံးဖြတ်ထားပေမဲ့ မြန်မာဘက်ကတော့ ဒါဟာ ဘက်လိုက်တဲ့ တွေ့ရှိချက်သာ ဖြစ်တယ်လို့ ပယ်ချထားပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ သေဆုံးတဲ့အရေအတွက် တခုတည်းကိုပဲ မကြည့်ဘဲ အဓမ္မ နေရပ်စွန့်ခွာခိုင်းတာ၊ ကလေးတွေအပေါ် ကျူးလွန်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ တရားရုံးကို တင်ပြထားကြပါတယ်။

အဆိုပါအမှုကို နာဇီ ဟိုလိုကော့စ်အတွင်း ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပြီး ပြဌာန်းခဲ့တဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအရ တရားစွဲဆိုထားတာပါ။

ကွန်ဗင်းရှင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှုဟာ “နိုင်ငံသား၊ လူမျိုးစု၊ လူမျိုး ဒါမှမဟုတ် ဘာသာရေးအုပ်စု တခုလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ လုပ်ရပ်တွေ” လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံလုံးဟာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဖြစ်လို့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဟာ အခုအမှုကို စီရင်ပိုင်ခွင့်ရှိနေတာဖြစ်ပါတယ်။

ICJ အနေနဲ့ ၁၉၉၅ ခုနှစ်က စရီဘရီနီကာ (Srebrenica) အစုလိုက်သတ်ဖြတ်မှု တခုကိုပဲ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အတည်ပြုခဲ့ဖူးပါတယ်။

အရင် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်းက ဘော့စနီးယား ဆာ့ဘ် တပ်ဖွဲ့ဝင်တွေက မွတ်စလင် အမျိုးသားနဲ့ ယောက်ျားလေး ၈,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့တာပါ။

အခု မြန်မာ့အမှုကနေ ထွက်ပေါ်လာမယ့် တွေ့ရှိချက်တွေဟာ နောင်လာမယ့် လူမျိုးတုန်းသတ်ဖြတ်မှု အမှုတွေအတွက် အင်မတန်အရေးကြီးတဲ့ ရှေ့ဆောင်သာဓကတွေ ဖြစ်လာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

Ref – Reuters