စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ စောပြာရွာက လင်မယားနှစ်ဦး သေဆုံး

“ဟုတ်တယ်။ မနေ့က ဒရုန်းလည်းလာတယ်။ ပါရာမော်တာနဲ့လည်း လာပစ်တယ်။စောပြာကိုကျတယ်။ လူတွေ သေကြတယ်။ ဒဏ်ရာရတာလည်း ရှိမယ်။ သတင်းအတိအကျတော့ မသိသေးဘူး”

၁၈ ၊ ဒီဇင်ဘာ။

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်ထဲက စောပြာရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီး မနေ့က ညနေ သုံးနာရီခန့်မှာတော့ စစ်တပ်ရဲ့ စက်တပ်လေထီးပေါ်က ပစ်ချခဲ့တဲ့ ဗုံးကြောင့် စောပြာရွာက လင်မယားနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

“လေထီးနဲ့ချတာ၊ညနေက သုံးဆင်းလာတယ်၊သုံးနာရီလောက်က။ ရောက်ပြီးမကြာဘူး ချသံကြားရတယ်ဆိုပြီး အထဲက မက်ဆေ့လှမ်းပို့တယ်၊ ဖုန်းတွေတော့ ဆက်လို့ မရဘူး”လို့ လေးမျက်နှာမြို့အနီးမှာ စစ်ရှောင်နေတဲ့ စောပြာရွာဒေသခံက ဒီဇင်ဘာ ၁၇ ရက်နေ့ညမှာ dnaကို ပြောပါတယ်။စောပြာရွာမှာ တော်တော်များများက စစ်ရှောင်နေကြပေမယ့် တချို့လည်း ရွာမှာကျန်နေခဲ့ကြတာမျိုး ရှိတယ်လို့ဆိုပါတယ်။

စောပြာရွာက ဗုံးထိမှန် သေဆုံးသူတွေမှာ ဦးမြင့်အောင် နဲ့ ဒေါ်မိုးမိုးခိုင်တို့ ဖြစ်ကြပြီး အသက် ၆၀ ဝန်းကျင် ရှိကြသူတွေလို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ စောပြာ၊သဲနုကုန်း အနီးတဝှိုက်မှာ တိုက်ပွဲတွေ ရှိနေပြီး စစ်တပ်က အမတ ၃၄၄ ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေသလို လေယဉ်တွေ၊စက်တပ်လေထီးတွေနဲ့ပါ မကြာခဏ ဗုံးလာကြဲနေတယ်လို့ လေးမျက်နှာ ဒေသခံတွေက ပြောပါတယ်။

“ညကလည်း လက်နက်ကြီး တောက်လျှောက် ပစ်နေတာ။ မနက်ကတော့ ၃ နာရီလောက်က စပြီးပြန်ပစ်တယ်သံ ကြားရတယ်။အသံက ကပ်နေတာဆိုတော့ စောပြာရွာတဝှိုက်လို့ ထင်တယ်”လို့ လေးမျက်နှာမြို့အနီးမှာ နေထိုင်သူက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ စောပြာရွာ အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး လေယဉ်၊စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာ အမတ ၃၄၄ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကလည်း dna ကို အတည်ပြုပေးပါတယ်။ ဒါပေမယ့် မနေ့က ဖြစ်စဉ်မှာတော့ သေဆုံးထိခိုက်တဲ့ စာရင်းအချက်အလက် တိတိကျကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“ဟုတ်တယ်။ မနေ့က ဒရုန်းလည်းလာတယ်။ ပါရာမော်တာနဲ့လည်း လာပစ်တယ်။စောပြာကိုကျတယ်။ လူတွေ သေကြတယ်။ ဒဏ်ရာရတာလည်း ရှိမယ်။ သတင်းအတိအကျတော့ မသိသေးဘူး”လို့ ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ သာပေါင်း၊ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေထဲက ကျေးရွာတချို့ကို ထိန်းချုပ်ထားပြီး အထူးသဖြင့် ပုသိမ်-မုံရွာ ကားလမ်းမကြီးကို ဖြတ်တောက်ထားနိုင်တာ ဖြစ်ပါတယ်။

ပုသိမ်-မုံရွာ လမ်းကြီး အနောက်ခြမ်း ရခိုင်ရိုးမ တောင်ခြေကျေးရွာတွေအပြင် ပုသိမ်-မုံရွာလမ်းအရှေ့ခြမ်းက သဲနုကုန်း၊လှော်ကထ၊ပန်းတောကြီးကျေးရွာတွေအထိ နယ်မြေစိုးမိုးထားတဲ့အတွက် စစ်တပ်ဘက်က ရွေးကောက်ပွဲအတွက်  လေးမျက်နှာမြို့နယ်ထဲက ကျေးရွာအားလုံး မဲပုံးထောင်နိုင်ဖို့ အားထုတ်နေပြီး တပ်အင်အားဖြည့်တာ၊ ဒေသခံတွေကို ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာ၊ လက်နက်ကြီးတွေ လေယဉ်တွေနဲ့ ပစ်ကူပေးပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

“စောပြာ၊ချင်းကုန်းဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတာ ရှိတယ်။ ဒါပေမယ့် ရွာတွေနဲ့ ဝေးတယ်နော်။စောပြာနဲ့လည်း ဝေးတယ် တောထဲမှာ ဖြစ်နေတာ၊ ဒီရက်ပိုင်း ပွဲနည်းနည်းပြင်းတယ်။ ခွေးတွေလည်း အထိနာတယ်။ဒီကောင်တွေ ဆုတ်ပေးနေရတာ။ ကိုယ့်ဘက်က စခန်းရတာတွေ ရှိတယ်လို့” အာရက္ခတပ်တော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ် အစပ်က ကျေးရွာတွေကို ငသိုင်းချောင်းမြို့အထွက်မှာရှိတဲ့ အမတ ၃၄၄ ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ ဖြစ်ပြီး ကျုံပျော် ခလရ ၃၆ ကနေ စက်တပ်လေထီးတွေနဲ့ ဗုံးလာကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးကတော့ နေ့တိုင်း ပစ်နေတာပဲ။၃၄၄က တရက်မကျန် ပစ်တာ။လူတွေ သေတာတော့ ရှိမယ်ဗျ ဒီလောက်ပစ်နေတာ။ ကျွန်တော်တို့နဲ့ နည်းနည်းဝေးတော့ သေချာမသိ တိတိကျကျ မသိဘူး”လို့ ငသိုင်းချောင်းမြို့ခံတဦးက dna ကိုပြောပါတယ်။
ပုံစာ- စောပြာရွာ(ပုံဟောင်းကို အသုံးပြုထားသည်)