လာနီညာသက်ရောက်မှုကြောင့် ဧရာဝတီတိုင်းအတွင်း အအေးပိုလာမည်

“ အားပျော့သော အစွန်းရောက် ရာသီဥတု “ လာနီညာ ” ဟာ နောက် တလ၊နှစ်လအထိ ဆက်ရှိနေနိုင်ပါတယ်။ မြူထူထူ ကျဆင်းနိုင်ချေ (Thick Fog Weather) ကတော့ ၁ လပိုင်း ၊ ၂ လပိုင်းလောက်မှပါ ”

၁၈၊ ဒီဇင်ဘာလ။

လာမယ့် ဒီဇင်ဘာ ၁၉ ရက်ကစလို့ ဒီဇင်ဘာလကုန်ထိ ဧရာဝတီတိုင်းအတွင်းမှာ နေ့အပူချိန်နဲ့ ညအပူချိန်တွေ ကျဆင်းလာဖို့ရှိပြီး ညအပူချိန်ဟာ ၁၅ ဒီဂရီ စင်တီဂရိတ်ထိ ကျဆင်းနိုင်ချေရှိတယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

မိုးတိမ်အနည်းငယ်ရှိနိုင်ပေမယ့် အများအားဖြင့် ကြည်လင်သာယာတဲ့ရာသီဥတု ဖြစ်ပေါ်နိုင်ပြီး တချို့ရက်တွေမှာ နံနက်အစောပိုင်း မြူထူနိုင်ချေရှိတယ်လို့လည်း တွက်ချက်ထားကြတာကို တွေ့ရပါတယ်။

မိုးဇလ ကျွမ်းကျင် ပညာရှင် ဦးဝင်းနိုင်ကတော့ “ အားပျော့သော အစွန်းရောက် ရာသီဥတု “ လာနီညာ ” ဟာ နောက် တလ၊နှစ်လအထိ ထိဆက်ရှိနေနိုင်ပါတယ်။ မြူထူထူ ကျဆင်းနိုင်ချေ (Thick Fog Weather) ကတော့ ၁ လပိုင်း၊ ၂ လပိုင်းလောက်မှပါ ” လို့ ဆိုပါတယ်။

လာနီညာဟာ အအေးလွန်ကဲတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်ဖြစ်ပြီး အားပျော့တဲ့ လာနီညာ ဖြစ်တာကြောင့် လွန်ကဲလွန်းတဲ့ အအေးပိုခြင်းမျိုး ဖြစ်လာဖို့ မရှိနိုင်ပေမယ့် အပူချိန် ကျဆင်းမှုတွေကတော့ လာမယ့် ဖေဖော်ဝါရီထိ ရှိနိုင်ပါတယ်။