
၂၀၂၄ ခုနှစ်အတွင်းမှာ Meta ဟာ တရုတ်နိုင်ငံဆီကနေ ကြော်ငြာရောင်းရငွေ ဒေါ်လာ ၁၈ ဘီလီယံကျော်အထိ ရရှိခဲ့ပါတယ်။ ဒီပမာဏဟာ ကုမ္ပဏီတစ်ခုလုံး ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကျော်တောင် ရှိပါတယ်။
၁၆၊ ဒီဇင်ဘာ။
ရိုက်တာသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့တဲ့ ကုမ္ပဏီတွင်း လျှို့ဝှက်စာရွက်စာတမ်းတွေအရ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ သူတို့ရဲ့ ဝင်ငွေ ဘီလီယံပေါင်းများစွာကို ကာကွယ်ဖို့အတွက် လိမ်လည်တဲ့ တရုတ်ကြော်ငြာတွေကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်အေဂျင်စီတွေကနေတဆင့် ဝင်လာတဲ့ Scams လို့ခေါ်တဲ့ လိမ်လည်မှုတွေ၊ တရားမဝင် လောင်းကစားတွေနဲ့ တားမြစ်ထားတဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ ဆက်ရှိနေအောင် ဖွင့်ပေးထားခဲ့တာပါ။ တကယ်တော့ တရုတ်အစိုးရက သူ့ရဲ့ နိုင်ငံသားတွေကို Meta ပလက်ဖောင်းတွေ သုံးခွင့် ပိတ်ပင်ထားပါတယ်။
ဒါပေမဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ Meta ဟာ တရုတ်နိုင်ငံဆီကနေ ကြော်ငြာရောင်းရငွေ ဒေါ်လာ ၁၈ ဘီလီယံကျော်အထိ ရရှိခဲ့ပါတယ်။ ဒီပမာဏဟာ ကုမ္ပဏီတစ်ခုလုံး ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကျော်တောင် ရှိပါတယ်။ အဆိုပါ ဝင်ငွေရဲ့ ၁၉ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ သုံးဘီလီယံကျော်ဟာ လိမ်လည်ထားတဲ့ ကြော်ငြာတွေနဲ့ တရားမဝင် ကုန်ပစ္စည်းကြော်ငြာတွေဆီက ရနေတာဖြစ်ကြောင်း ကုမ္ပဏီတွင်း မှတ်တမ်းတွေက ဆိုပါတယ်။
အဆိုပါ စာရွက်စာတန်းအရ ကမ္ဘာတဝန်းက Meta ပလက်ဖောင်းတွေပေါ်မှာ တွေ့ရတဲ့ လိမ်လည်တဲ့ကြော်ငြာ လေးခုမှာ တခုက တရုတ်နိုင်ငံကနေ အခြေခံတယ်လို့ ယူဆတယ်လို့ သိရပါတယ်။ လိမ်လည်ခံရမှုတွေ မြင့်တက်လာတာကြောင့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှာ ကုမ္ပဏီ ဝန်ထမ်းတွေက ဦးဆောင်သူတွေကို သတိပေးခဲ့ပြီး နှိမ်နင်းမှုတွေ လုပ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်းက လိမ်လည်တဲ့ ကြော်ငြာတွေကို ထက်ဝက်လောက် လျှော့ချနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အမှုဆောင်ချုပ် ဇူကာဘက်က မဟာဗျူဟာအပြောင်းအလဲလုပ်ဖို့ ညွှန်ကြားလိုက်ပြီးတဲ့နောက်မှာတော့ အဆိုပါ စီမံချက်တွေ ရပ်တန့်သွားခဲ့ရပါတယ်။ ကုမ္ပဏီဟာ တရုတ် လိမ်လည်ကြော်ငြာတွေတိုက်ဖျက်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်သလို တရုတ်ကြော်ငြာအေဂျင်စီအသစ်တွေကို လက်မခံဘဲ ပိတ်ထားတာကိုလည်း ပြန်ဖွင့်ပေးလိုက်တယ်လို့ စာရွက်စာတမ်းတွေမှာ တွေ့ရပါတယ်။
ဝင်ငွေထိခိုက်မှာ စိုးရိမ်တဲ့အတွက် Meta ဟာ တရုတ်ကြော်ငြာရှင်တွေရဲ့ ကျင့်ဝတ်မဲ့လုပ်ရပ်တွေကို သည်းခံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လိမ်လည်မှုတွေကို အမြစ်ပြတ်ရှင်းထုတ်မယ့်အစား ထိခိုက်မှုပမာဏကို လက်ရှိအတိုင်းပဲ ဆက်ထိန်းထားဖို့ ရည်ရွယ်ခဲ့ကြတာလို့ ဆိုပါတယ်။
ဒီလိမ်လည်မှုတွေဟာ Meta ရဲ့ အဓိက တရုတ်ကြော်ငြာမိတ်ဘက် ၁၁ ခုကနေတဆင့် အေးဂျင့်အသေးစားတွေ၊ ကြော်ငြာရှင်တွေနဲ့ ချိတ်ဆက်ပြီး ရှုပ်ထွေးတဲ့ စနစ်တစ်ခုနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။
Meta ရဲ့ မူဝါဒတွေက အကောင့်ဖွင့်ရ လွယ်ကူလွန်းတာ၊ စည်းကမ်းထိန်းသိမ်းမှု အားနည်းတာတွေကြောင့် အခုလို စနစ်တကျ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာရတယ်လို့ အကြံပေးကုမ္ပဏီ Propellerfish ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
တရုတ်နိုင်ငံက ကြော်ငြာနည်းပညာ ကျွမ်းကျင်သူတွေဟာ အမေရိကန်၊ ကနေဒါနဲ့ တခြားနိုင်ငံက သုံးစွဲသူတွေကို ပစ်မှတ်ထားပြီး Meta ရဲ့ စနစ်ပိုင်းဆိုင်ရာ ဟာကွက်တွေကို အခွင့်ကောင်းယူကာ တားမြစ်ထားတဲ့ ကြော်ငြာတွေ တင်နေကြတာပါ။
Meta ပြောခွင့်ရပုဂ္ဂိုလ် အန်ဒီစတုန်းကတော့ ကုမ္ပဏီအနေနဲ့ သန်းနဲ့ချီတဲ့ ကြော်ငြာတွေကို ပိတ်ပင်ခဲ့သလို စည်းကမ်းဖောက်တဲ့ အေဂျင်စီတချို့နဲ့လည်း လမ်းခွဲခဲ့တယ်လို့ ဆိုပါတယ်။ ဇူကာဘက်ရဲ့ ညွှန်ကြားချက်ဟာ လိမ်လည်မှုတိုက်ဖျက်ရေးကို ရပ်တန့်ဖို့မဟုတ်ဘဲ ကြိုးပမ်းမှုတွေကို နှစ်ဆတိုးဖို့ ရည်ရွယ်တာပါလို့ ငြင်းဆိုပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းရောက်တဲ့အခါ တရုတ်နိုင်ငံကလာတဲ့ တားမြစ်ထားတဲ့ ကြော်ငြာပမာဏဟာ ဝင်ငွေစုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းနီးပါးအထိ ပြန်တက်လာခဲ့ပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး Facebook ရဲ့ ထုတ်ကုန်စီမံခန့်ခွဲမှုဆိုင်ရာ ဒါရိုက်တာဟောင်း ရော့ဘ် လယ်သန်က “အခုတွေ့ရတဲ့ အတိုင်းအတာပမာဏကြီးက ဘယ်လိုမှ ဖြေရှင်းချက်ပေးလို့မရပါဘူး။ ဒီကိစ္စကို အဆင်ပြေပါတယ်လို့ ယူဆနေတဲ့သူ ရှိမယ်လို့လည်း ကျွန်တော် မထင်ပါဘူး” လို့ ဝေဖန်ထားပါတယ်။
Ref – Reuters