ထိုင်းရွေးကောက်ပွဲ လာမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ်

ကြိုတင်မဲပေးချင်သူတွေအတွက်ကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သွားပေးလို့ ရတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ တရားဝင်ရလဒ်ကိုတော့ ဧပြီလ ၉ ရက်နေ့မှာ ကြေညာမယ်လို့ ဆိုပါတယ်။

၁၆၊ ဒီဇင်ဘာ။

ထိုင်းနိုင်ငံမှာ လာမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ကျရင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်စစ်ရေးတင်းမာမှုတွေ ဖြစ်နေချိန်၊ ဝန်ကြီးချုပ် အနုတင်နဲ့ လွှတ်တော်ထဲက အကြီးဆုံး အတိုက်အခံ ပြည်သူ့ပါတီတို့အကြား သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်ပြီးနောက် ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေ ဖြစ်လာတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ဝန်ကြီးချုပ်က လွှတ်တော်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီး ပြည်သူဆီ အာဏာအပ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၀၀ အတွက် မဲပေးရွေးချယ်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မဲဆန္ဒနယ်မြေက ကိုယ်စားလှယ် ၄၀၀ နဲ့ ပါတီမဲ ကိုယ်စားလှယ် ၁၀၀ ပါဝင်မှာဖြစ်ပြီး ပါတီတခုကို ဝန်ကြီးချုပ်လောင်း သုံးဦးအထိ တင်သွင်းခွင့် ရှိပါတယ်။

ကြိုတင်မဲပေးချင်သူတွေအတွက်ကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သွားပေးလို့ ရတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ တရားဝင်ရလဒ်ကိုတော့ ဧပြီလ ၉ ရက်နေ့မှာ ကြေညာမယ်လို့ ဆိုပါတယ်။

ရလဒ်ထွက်ပြီး ၁၅ ရက်အတွင်း လွှတ်တော်အသစ် ခေါ်ယူတာတွေပြုလုပ်ပြီး လွှတ်တော်နာယကတွေနဲ့ ဝန်ကြီးချုပ်သစ်ကို မဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။

လက်ရှိမှာ ဝန်ကြီးချုပ် အနုတင်အနေနဲ့ ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းလူထုကြားမှာ မြင့်တက်လာတဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အခွင့်ကောင်းယူပြီး အသာစီးရနိုင်မယ့် အနေအထား ရှိနေပါတယ်။

ဒါပေမယ့် တစ်ဘက်မှာလည်း လူထုသဘောထား စစ်တမ်းတွေအရ ၂၀၂၃ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကနေ အသွင်ပြောင်းလာတဲ့ ပြည်သူ့ပါတီ (People’s Party) ကပ လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

Ref – CNA