မြန်မာနိုင်ငံကို ရောက်လာမယ့် ကိုဗစ်ကာကွယ်ဆေး

ရေးသားသူ – Dr Aunghein Phoekhwar

၁၅ ၊ ဇန်နဝါရီလ ၊ ၂၀၂၀ ။

မြန်မာနိုင်ငံကိုရောက်ရှိလာမယ့် ကိုဗစ်ကာကွယ်ဆေး COVISHIELD ကို ဗိုင်းရပ်၂မျိုးကိုပေါင်းစပ်ထားတဲ့နည်းပညာ (Recombinant adenoviral vector vaccine) ကို အသုံးပြုပြီး တီထွင်ထားပါတယ်။

သာမန်အအေးမိဖျားနာဖြစ်တဲ့ အဒီနိုဗိုင်းရပ်ရဲ့ဗီဇနဲ့ ကိုဗစ်ပိုးရဲ့ဗီဇအပိုင်းအစတစ်ခုကို ပေါင်းစပ်ဖန်တီးထားတာပါ။ ဗြိတိန်နိုင်ငံ AstraZeneca and Oxford University ကဖေါ်ထုတ်ထားပြီး အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်ထားပါတယ်။ ကာကွယ်ဆေးထဲမှာပါတဲ့ ကပြားပိုးမှာ ရောဂါဖြစ်စေတဲ့ အစိတ်အပိုင်းတွေ လုံးဝမပါပါဘူး။ ဆေးထိုးတဲ့အခါ အတူပါလာတဲ့ ကိုဗစ်ပိုးရဲ့ ဗီဇအပိုင်းအစတွေက ကိုယ်ထဲရောက်တဲ့အခါ အချွန်အတက် spike protein တွေ ထုတ်လုပ်ပါတယ်။

ဒီအချွန်အတက်လေးတွေကို ကိုယ်ခန္ဓာကနေ တုန့်ပြန်မှတ်သားထားပြီး သူ့ကိုတိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအား antibody တွေ ထုတ်လုပ်ပေးပါတယ်။ အကယ်၍ ကိုဗစ်ပိုးဝင်လာရင် ပိုးမှာရှိနဲ့ အချွန်အတက်တွေကို ကိုယ်ခံအားက ချက်ချင်းမှတ်မိနေပြီး ကာကွယ်တိုက်ထုတ်နိုင်ပေးပါတယ်။ ကိုယ်ခံအား antibody ထုတ်တဲ့ ပမာဏများလေလေ ပိုကာကွယ်နိုင်လေပါ။ ကိုယ်ခံအားကျဆင်းစေတဲ့ ရောဂါရှိသူများ၊ ကိုယ်ခံအားကို ကျစေသော ဆေးများကို သောက်သုံးနေရသူများမှာ ကာကွယ်နှုန်းကျဆင်းနိုင်ပါတယ်။

ဆေးထိုးပြီး ကိုယ်ထဲမှာ ကိုယ်ခံအားတွေ ထုတ်လုပ်ချိန်မှာ ဆေးရဲ့ ဘေးထွက်အာနိသင်/ ဆေးအရှိန်ပြတာကို ၂ ရက်လောက် ခံစားရနိုင်ပါတယ်။ ဆေးထိုးပြီး ဒီလိုခံစားရတာဟာ ကိုယ်ခံအားတွေထွက်လာတဲ့ လက္ခဏာပါပဲ၊ စိတ်မပူပါနဲ.။
(၁) ဆေးထိုးထားသောနေရာမှာနာခြင်း (၆၇%)
(၂) ဖျားခြင်း (၁၈%)
(၃) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း (၅၁%)
(၄) ကြွက်သားနာကျင်ခြင်း (၆၀%)
(၅) ပင်ပန်းနွမ်းလျှခြင်း (၇၀%)
(၆) ခေါင်းကိုက်ခြင်း (၆၈%)
(၇) အဆစ်နာကျင်ခြင်း (၃၁%) တွေဖြစ်ပေါ်တတ်ပါတယ်။

AstraZeneca and Oxford University ကာကွယ်ဆေးကို စမ်းသပ်စဉ်က ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ ဆေးစမ်းသပ်စဉ်က သွေးနီဥပျက်စီး၍သွေးအားနည်းရောဂါပြသူ ၁ ဦး နဲ့ ကျောရိုးအာရုံကြောမကြီးယောင်ရမ်းခြင်းဖြစ်သူ ၃ ဦး ရှိပါတယ်။ ဒါပေမဲ့လည်း အခြားအကြောင်းကြောင်းများကြောင့် ပိုဖြစ်နိုင်ပြီး၊ ကာကွယ်ဆေးကြောင့် ဖြစ်နိုင်ချေအလွန်နည်းပါတယ်ဟု ကောက်ချက်ချ ထုတ်ပြန်ထားပါတယ်။ ဆေးထိုးထားသူများထဲမှ သေဆုံးသူများရှိခဲ့သော်လည်း သေဆုံးရခြင်းမှာ မတော်တဆမှု နှင့် လူသတ်မှုများကြောင့်သာဖြစ်ပြီး၊ ကာကွယ်ဆေးကြောင့် သေဆုံးသူများ မဟုတ်ကြပါ။

ဆေးနဲ့ဓာတ်မတည့်ခြင်းများက ဖြစ်နိုင်သော်လည်း အလွန့်အလွန်ရှားပါးပါတယ်။ ဓာတ်မတည့်ရောဂါအခံရှိသူများ ဆေးမထိုးခင် ဆရာဝန်များနှင့် အရင်တိုင်ပင်သင့်ပါတယ်။ Oxford-AstraZeneca ကာကွယ်ဆေးမှာ လူ နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ၊ ဓာတ်မတည့်မှုဖြစ်လေ့ရှိသော latex, milk, lactose, gluten, egg, maize/corn, or peanuts စတာတွေ မပါဝင်ပါဘူး။ သို့သော်လည်း ဆေးရုံမှာ ဆေးဆိုးပြီး နာရီဝက် စောင့်ကြည့်ခြင်းဖြင့် ဓာတ်မတည့်ခြင်းကို စောလျှင်ထိရောက်စွာ ကုသနိုင်ပါတယ်။

ဒီကာကွယ်ဆေးက လက်မောင်းအသားထဲကို ထိုးရပါမယ်။ ၂ ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။ ဆေးတလုံးနဲ့တလုံးကို အနည်းဆုံး ၄ ပတ်ခွါပြီး ထိုးရပါမယ်။ Oxford AstraZeneca ဆေးက ဆေးထိုးတဲ့ပမာဏ နဲ့ အကြိမ်ကို မူတည်ပြီး ၆၂ ကနေ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ပျမ်းမျှအားဖြင့် ၇၀% ကာကွယ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးရမယ့်သူစာရင်းက နိုင်ငံအလိုက်သတ်မှတ်ချက် မတူနိုင်ပါဘူး။ အသက် ၁၆ နှစ်အောက်ကလေးများကို မထိုးပေးကြပါ။ နိုင်ငံအများစုက ကျန်းမာရေးဝန်ထမ်းများ အသက်ကြီးသူများ ရောဂါအခံရှိသူများကို ဦးစားပေးထိုးလေ့ရှိပါတယ်။ ကာကွယ်ဆေးအသစ်ဖြစ်တာကြောင့် လက်တွေ့မှာ ဘေးထွက်ဆိုးကျိုးများရှိမရှိကို ဆေးထိုးရင်း စောင့်ကြည့်လေ့လာကြပါတယ်။

Source:
https://vk.ovg.ox.ac.uk/vk/covid-19-vaccines
https://www.google.com.sg/…/article33555245.ece/amp/

Delta News

Read Previous

ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၅၈)ဦးတွေ့ရှိ

Read Next

ကိုဗစ်ဖြစ်ပြီးပြန်ကောင်းသူတွေ ကာကွယ်ဆေးထပ်ထိုးဖို့ လိုပါသလား

Most Popular