
အခန်းကျဉ်းထဲ မီးခိုးငွေ့တွေက ခန်းလုံးပြည့် လှိုင်ထနေတယ်။လူငယ်တစုဟာ ခါးဆစ်လောက်က ဖေါက်ပြီး ပိုက်တပ်ထားတဲ့ အချိုရည်ဗူးတွေ၊ခဲပတ်တွေ၊မီးခြစ်တွေနဲ့ အလုပ်ရှုပ်နေကြတယ်။
၁၄၊ဒီဇင်ဘာလ။
ပဲစေ့အရွယ် ပန်းရောင်ဆေးပြားတခု တင်ထားတဲ့ ခဲပတ်ကို အောက်ကနေ မီးခြစ်နဲ့ ရှို့၊ခဲပတ်ပေါ်ကနေ လွင့်ပျံ့လာတဲ့ အဖြူရောင်အငွေ့တွေကို ပိုက်တပ်ထားတဲ့ အချိုရည်ဗူးရဲ့ ပိုက်တံဖျားကနေတဆင့် စုပ်ယူ၊ ပိုက်ကတဆင့် ရေထဲက ဖြတ်လာတဲ့ အငွေ့တွေကို အချိုရည်ဗူးဝကတဆင့် ပါးစပ်နဲ့ ရှိုက်ယူနေကြတာပါ။
“တနေရာတည်းမှာ ဝယ်လို့လည်းရတယ်၊ အဲမှာ စား(ရှူ)ချင်လည်းရတယ်၊နေရာပါရှိတယ်။ ဘယ်သူ မဆိုသွားဝယ်လို့ရတယ်၊ အစ်ကိုလည်း သွားဝယ်ချင်ဝယ်လို့ရတယ်”လို့မောင်ငယ်(အမည်လွှဲကပြောတယ်။
သူက ဧရာဝတီတိုင်း ပုသိမ်မြို့ ဆင်ခြေဖုံးရပ်ကွက် တခုအတွင်းက မူးယစ်ဆေးရောင်းတဲ့ အိမ်မှာပဲ ဆေးရှုဖို့ ပြင်ဆင်ထားတဲ့ အခန်းငယ်လေးတွေရဲ့ မြင်ကွင်းကို ပြန်ပြောပြနေတာပါ။WY ၊ အသီး ၊ ယာဘ စသဖြင့် ခေါ်ကြတဲ့ မက်သာဖက်တမင်း၊စိတ်ကြွရူးသွပ်ဆေးပြားရောင်းတဲ့ အဲဒီအိမ်မှာ အခန်းငယ်သုံးခုရှိပြီး ပုံမှန်ဆေးလာသုံးတဲ့ လူငယ် တွေ ပုံမှန်လာလေ့ရှိပါတယ်လို့ ဆိုပါတယ်။ အများစုဟာ ဆယ်ကျော်သက်အရွယ်၊ နှစ်ဆယ်ဝန်းကျင်
တွေ ဖြစ်ကြပြီး အထက်တန်းမပြီးသေးတဲ့ကိုးတန်း၊ ဆယ်တန်းအရွယ်တွေ။
“အရင်ကလို လူရင်းတွေမှ၊ သိမှ ဝယ်လို့ရတာမဟုတ်ဘူး၊ ဒီအတိုင်းဝယ်တဲ့သူ အကုန် လွတ်လွတ်လပ်လပ် ရောင်းနေတာ”လို့ မောင်ငယ်က ဆက်ပြောပါတယ်။အဲဒီမှာWY ၊ ဆေးခြောက်(weed)တွေရပြီး WY သုံးဖို့ အတွက် ခဲပြား၊ဗူး၊ပိုက်တံတွေကိုလည်း အဆင်သင့်ထားပြီး သုံးခွင့်ပေးထားပါတယ်။ အဲဒီလို ဝန်ဆောင်မှု အပြည့်ပေးထားပြီး တနေရာတည်းမှာပဲ ဝယ်ယူသုံးစွဲနိုင်တဲ့ မူးယစ်ဆေးဝါးအရောင်းဌာနတွေ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ နောက်ပိုင်းကလာတွေက စပြီး မြင်လာခဲ့ကြရတာပါ။အရင်တုန်းကဆို ပုသိမ်မြို့ပေါ်မှာ မူးယစ်ဆေးဝါးတွေအရောင်းအဝယ်ရှိခဲ့ပေမယ့်အခုကာလလောက် အထိ ပေါ်ပေါ်ထင်ထင် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
🔹 အာဏာသိမ်းမှုနဲ့အတူ ဈေးပေါလာတဲ့ မူးယစ်ဆေး
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း WY ၊ ဆေးခြောက်၊ ဟက်ပီးဝါးတား၊K၊ Eစတဲ့ မူးယစ်ဆေးဝါး တွေ အဆမတန် ပေါများ၊ စျေးပါ့လာသလို ဘိန်းစိုက်ပျိုးမှုကလည်း တိုးလာခဲ့ပြီး
လက်ရှိမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင် ရာရုံး(UNODC)က ဒီဇင်ဘာ ၃ ရက်နေ့မှာ
ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း၊ ကချင်ပြည်နယ်၊ချင်းပြည် နယ်တို့မှာ စိုက်ပျိုးမှုရှိနေပြီး အရင်ကဘိန်း စိုက်ပျိုး မှုမရှိခဲ့တဲ့ စစ်ကိုင်တိုင်းအတွင်းမှာလည်းဘိန်းစိုက် ပျိုးမှုတွေ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဘိန်းကတော့ စျေးတက်လာပြီး ဘိန်းစိမ်းတကီလိုကို အရင် ၂၀၁၉ ခုနှစ်က ၁၄၅ ဒေါ်လာပေါက်စျေး ရှိခဲ့ရာကနေ အခုအခါ ၃၂၉ ဒေါ်လာထိ ပေါက်စျေးရှိတယ်လို့ ဆိုပါတယ်။]
၂၀၁၉ ၊၂၀၂၀ ဝန်းကျင်တုန်းက ဆိုရင်တော့မူးယစ် ဆေး သုံးချင်သူတွေဟာ ခက်ခက်ခဲခဲ ချိတ်ဆက်ရှာဖွေ ဝယ်ယူခဲ့ကြရတာပါ။ဆေးရောင်းတဲ့ သူတွေကို ကိုယ်က သိထားရင်တောင် မရင်းနှီးရင်၊ဝယ်နေကျ မဟုတ်ရင်၊ကြားခံဝယ်ပေးနေကျ (ချိတ်)တဦးဦး မရှိဘူးဆိုရင် WY မဆိုထားနဲ့ ဆေးခြောက် (weed)ဝယ်ဖို့ပင် မလွယ်ကူခဲ့ဘူးလို့ dna အနေနဲ့ ဆက်သွယ်စကားပြောခဲ့တဲ့ ဧရာဝတီသား လူငယ် တွေက ပြောပါတယ်။
ဒါ့အပြင် အခုလိုမျိုးနေအိမ်တွေထဲ စိတ်ကြိုက်သွား ဝယ်နိုင်တဲ့ ပုံစံမျိုး မဟုတ်ပဲ လမ်းမတွေပေါ်မှာ လှုပ် ရှား၊ရောင်းချ ပုံစံမျိုးနဲ့သာ ရောင်းဝယ်ကြရတာပါ။”ပစ္စည်းလိုချင်တယ်ဆို ကိုယ့်အသိတွေကနေ တဆင့် ဖုန်းဆက်ထားလိုက်တယ်။သူက သွားယူပေးတယ်။ဘယ်နားက လာယူပါဆိုပြီးချိန်းလိုက်ပြီး တော့ လမ်းဘေးတွေမှာရောင်းကြတယ် အဲလိုမျိုး၊ နှစ်ဆင့် သုံးဆင့်ခံပြီးမှ ဝယ်ကြရတာ။သုံးမယ့်နေရာကလည်း ရှားတယ် အဲတုန်းကဆိုရင်”လို့ မောင်ငယ်က လွန်ခဲ့တဲ့ငါးနှစ်ကျော်က မူးယစ်ဆေးဝါး သုံးရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။
အဲဒီလို အခြေအနေကြောင့် ဧရာဝတီတိုင်း အတွင်းမှာ လူငယ်မူးယစ်ဆေးသမားတွေ အခုလောက် အများအပြား မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ပုသိမ်၊မအူပင် စတဲ့ တက္ကသိုလ်၊ကောလိပ်တွေရှိရာ မြို့ကြီးတွေ လောက်မှာပဲ မူးယစ်ဆေးဝါး ရောင်းချသူအချို့ရှိခဲ့ပြီး တက္ကသိုလ်ကျောင်းသားတချို့အပါအ ဝင် အနည်းငယ်ပမာဏလောက်ကပဲမူးယစ်ဆေးဝါး
တွေကို လက်လှမ်းမီ သုံးစွဲကြတာပါ။
အခုအခါမှာတော့ ဧရာ၀တီတိုင်းအတွင်းကမြို့တိုင်း မှာ မူးယစ်ဆေးဝါး ဝယ်ယူလို့ ရနေပြီး နယ်ဘက် ကျေးရွာတွေမှာပါ ရောင်းဝယ်၊ သုံးစွဲသူတွေ ရှိလာနေတာပါ။ သုံးစွဲသူတွေထဲ ရှစ် တန်း၊ ကိုးတန်း စတဲ့ အခြေခံပညာအဆင့် အထက်တန်းပင် မပြီးသေးတဲ့ ဆယ်ကျော်သက်အရွယ်တွေ၊ နှစ်ဆယ် ဝန်းကျင် လူငယ်တွေပါတယ်လို့ သိရပါတယ်။
“တအားပေါလာတာလေ၊ အသုတ်တို့ဘက်မှာဆိုရင် ရွာတွေမှာတောင် ရတယ်” လို့ အသုတ်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသားတဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးတွေကို ကာရာအိုကေဆိုင်(KTV)၊ ဘား၊ နေအိမ်၊ ကွမ်းယာဆိုင်နဲ့ လမ်းဘေးနေရာတွေမှာ ရောင်းချ ကြတာဖြစ်ပြီး အပေါဆုံးကတော့ WY ဆေးပြားနဲ့ ဆေးခြောက်တွေဖြစ်ကာ E လို့ခေါ်ကြတဲ့ Ecstasy (အက်စတေ စီ)၊ K လို ခေါ်တဲ့ ကတ်တမင်း(Ketamine)၊ Happy Water(ဟက်ပီးဝါးတား)၊ ဘိန်းဖြူတို့ကိုတော့ KTV နဲ့ ဘားတွေ မှာပဲ အများစု ရောင်းချကြတာတွေ့ရတယ်လို့ ဒေသခံလူငယ်တွေက ပြောကြပါတယ်။
ကေ၊ အီး၊ ဟက်ပီးဝါးတား စတဲ့ မူးယစ်ဆေးဝါးတွေကို ငွေကြေးတတ်နိုင်သူတွေ၊ လူငယ်၊ လူလတ် ပိုင်း လုပ်ငန်းရှင် တွေ သုံးစွဲကြပြီး စျေးပေါပေါနဲ့ ရနိုင်တဲ့ WY ၊ ဆေးခြောက် စတဲ့ မူးယစ်ဆေးတွေကိုတော့ ကျောင်းသားအရွယ် ဆယ်ကျော်သက်တွေ၊ လူငယ်တွေ အသုံးများကြပါတယ်။
“ဟင်္သာတမှာ ဟက်ပီးဝါးတားတို့ ဆေးတို့ အရမ်းခေတ်စားနေတယ်၊ မြို့ပေါ်က ပိုက်ဆံရှိအသိုင်းအဝိုင်းတော်တော်များများက လုပ်ငန်းရှင် တွေပါ ဟက်ပီးဝါးတားကို စွဲလမ်းနေကြပြီ၊ မြို့မှာ အကြီးဆုံး KTV နှစ်ခုမှာဆို အခန်းကျယ်တွေ အပြည့်လေ၊ KTV ခန်းတခန်းကို သိန်းငါးရာလောက် အကုန်ခံပြီး ပြင်ထားတာ တွက်သာကြည့် တော့” လို့ ဟင်္သာတမြို့မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“KTV ဖွင့်ထားတဲ့သူတွေကိုယ်တိုင်က ဖြန်နေ့တဲ့ ပုံစံမျိုးဖြစ်နေတာ၊ မသိရင် Vocal တွေက အပြင်က ဂျိတ်ရှာပြီး သယ်ပေးသလိုလိုနဲ့ တကယ်က သူတို့ဆိုင်မှာကိုက ရှိပြီးသား” လို့လည်း အဲဒီ KTV တွေကို ရောက်ဖူးထားတဲ့ ဟင်္သာတမြို့ခံ လူငယ်တဦးက အခြေအနေကို ပြန်ရှင်းပြပါတယ်။
DNA က လေ့လာစုံစမ်းသိရတဲ့အချက်အလက်တွေအရ ဧရာ၀တီတိုင်းအတွင်းရှိ မူးယစ်လုပ်ငန်းရှင် တွေထဲ ဒေသတွင်း စားသောက်ဆိုင်၊ KTV ဆိုင်ပိုင်ရှင်တွေ ပါဝင်တယ်ဆိုတာ သိထားရပြီး နာမည် အချို့လည်း ရရှိထားပါတယ်။
“KTV ဆိုင်ရှင် ဘားပိုင်ရှင်တွေ သုံးလေးယောက် လောက်ရှိတယ်၊ ဒီလုပ်ငန်းနဲ့ ကြီးပွားသွားတာ၊ အခုနောက်ပိုင်းမှပဲ လုပ်လာကြတဲ့သူတွေ၊သူတို့ကတော့ အချီကြီးလုပ်ကြတာပေ့ါ၊ သူတို့ ဆိုင်တွေမှာ K တွေ၊ E တွေရတယ်၊ ရဲကလည်း လွှတ်ပေးထားတာပဲ” လို့ အဲဒီအကြောင်းအထောက်အထားတွေနဲ့တကွ သိထားတဲ့ ပုသိမ်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
လူဦးရေ နှစ်သိန်းနီးပါးရှိတဲ့ ပုသိမ်မြို့ပေါ်မှာ WY ဆေးပြား ရောင်းချနေတဲ့နေရာ(နေအိမ်နဲ့ ကွမ်းယာဆိုင်)ဟာလည်း ဆယ်ချီရှိနိုင်တယ်လို့ ဒေသခံတွင် မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်အချို့က ပြောကြပါတယ်။ DNA က မေးမြန်းခွင့်ရခဲ့တဲ့ ပုသိမ်မြို့ခံ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်သုံးဦးကတော့ သူတို့ သိထားတဲ့ မူးယစ်ဆေးဝါး(WY) ရောင်းချတဲ့နေရာ နှစ်ဆယ်ကျော်ရှိတယ်လို့ ဆိုပါတယ်။
“အားလုံးပေါင်း သုံးဆယ်၊ လေးဆယ်က အသာလေး ရှိမယ်” လို့ ပုသိမ်မြို့ခံလူငယ်က ပြောပါတယ်။
အဲဒီမူယစ်ဆေးဝါးရောင်းချတဲ့နေရာတွေကိုဆင်ခြေဖုံးရပ်ကွက်တွေမှာ အများစုတွေ့ရပြီး လမ်းဘေးကွမ်းယာဆိုင် တွေကနေဆင့်လည်း ဝယ်ယူလို့ရတယ်လို့ ပြောကြပါတယ်။
“ကွမ်းယာဆိုင်တွေမှာတော့ ဝယ်နေကျမဟုတ်ရင် မရဘူး၊ ရောင်းပေးတဲ့အိမ်တွေ သပ်သပ်ရှိတယ်၊ အဲဒီအိမ်မှာတွေမှ အေးဆေးဝယ်လို့ရတယ်၊ သူတို့က ဘာမှစိုးရိမ်စိတ် မရှိဘဲ ရောင်းနေတာ၊ ရဲကိုလည်း ပိုင်တယ်၊ အေးဆေးပဲ” လို့ ပုသိမ်မြို့မှ နောက်ထပ် လူငယ်တဦးဖြစ်တဲ့ ကိုသိန်းရွှေ က ပြောပါတယ်။
အလားတူပဲ နယ်မြို့တွေဖြစ်တဲ့ ရေူကြည်၊ ငသိုင်းချောင်း၊ အသုတ်၊ မအူပင်၊ ဖျာပုံ၊ အမာ၊ မော်လမြိုင်ကျွန်းစတဲ့မြို့ နယ်တွေမှာလည်း မြို့ပေါ်ရပ်ကွက်တွေအတွင်း မူးယစ်ဆေးဝါးရောင်းချတဲ့နေအိမ်တွေ အများအပြားရှိတယ်လို့ အဲဒီမြို့နယ် တွေမှ ဒေသခံတွေက ပြောကြပါတယ်။
“အသုတ်ဆိုရင် ဒီဘက်နယ်တွေထဲ အပေါဆုံးထင် တယ်၊ မြို့ထဲလည်း အေးဆေးဝယ်သုံးလို့ရတယ်၊ ကလေးတွေကအစဆေးတွေချနေကြတာ၊ ကျောင်း လည်း ပုံမှန်မတက်ကြတော့ဘူး” လို့ အသုတ်မြို့မှ သတ်လတ်ပိုင်းအရွယ် အမျိုးသားတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်ပေါင်း ၁၁၀ အတွင်းမှ ဒေသခံတွေကို မေးမြန်းရာ မြို့နယ် ပေါင်း ၉၃ ခုနဲ့ အထက်မှာ မူးယစ်ဆေးဝါးတွေကို အလွယ်တကူဝယ်ယူလို့ရနေတယ်လို့ ၂၀၂၃ ခု စက်တင်ဘာလအတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ ISP ရဲ့ စစ်တမ်းတခုမှာ ဖော်ပြထားတာတွေ့ရပါတယ်။
🔹 လဘ္ဘရည်တခွက်စာထက် ဈေးပေါတဲ့ အသီးတွေ
အာဏာမသိမ်းခင်ကာလတွေတုန်းက အသီးလို့လည်း ခေါ်တဲ့ WY တပြားရဲ့ စျေးဟာ ကျပ်ငါးထောင်ဝန်းကျင်ရှိခဲ့ပြီး ဆေးခြောက် တတိုင်စာ (ဆေးပေါ့လိပ်တလိပ်စာ)ပမာဏကို ကျပ်သောင်းကျော်ပေးခဲ့ရပါတယ်။အခု WY ဆေးတ ပြားကို ကျပ်ခုနှစ်ရာကနေ နှစ်ထောင်ထိနဲ့ ဆေးခြောက်တတိုင်စာကို ကျပ်သုံးထောင်ဝန်းကျင်သာ ပေးရတော့တယ်လို့ သိရပါတယ်။
“အသီးက တပြား ခုနှစ်ရာလောက်ပဲရှိတာ၊ နှစ်ထောင်ဖိုး သုံးကောင်ရတယ်။နည်းနည်းပိုကောင်းတဲ့ နှင်းတောင်ဆိုတာ တခုရှိတယ်၊ အဲဒါမျိုးကတော့ (တပြားကို)နှစ်ထောင်လောက်ရှိတယ်။ နှစ်ထောင်တန်က စျေးအကြီးဆုံး အမျိုးအစားပါ အသီးထဲမှာ၊ အရွက်(ဆေးခြောက်)လည်း ငါးထောင်ဖိုးဆို နှစ်တိုင်စာလောက်ရတယ်” လို့ ပုသိမ် မြို့မှ ကိုသိန်းရွှေက ပြောပါတယ်။
မနက်ခင်းလက်ဖက်ရည်တခွက်သောက်ဖို့ ငွေကျပ် တထောင့်ငါးရာ၊ နှစ်ထောင် ပေးနေရချိန် WY ဆေးတပြားကို ကျပ် ရှစ်ရာလောက်နဲ့ ရနေသလို လွတ်လွတ်လပ်လပ် ဝယ်ယူရနေတဲ့အတွက် လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲဖို့ ပိုလွယ်ကူနေပါတယ်။
အဲဒီလိုပဲ အရင်က ရှမ်းပြည်နယ်မြောက်ပိုင်း မြို့ကြီးတွေနဲ့ နယ်စပ်မြို့ကြီးအချို့လောက်မှာပဲ ရခဲ့တဲ့ ကေ၊ အီး၊ ဟက်ပီးဝါးတာ၊ ဘိန်းဖြူတို့ဟာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီတိုင်းအထိ ပေါပေါသီသီရောက်လာပြီး စျေးနှုန်းဟာလည်း ထိုးကျသွားခဲ့တယ်လို့ ဆိုကြပါတယ်။
အုပ်ချုပ်ရေးအပိုင်းဖြစ်တဲ့ ရဲ နဲ့ ထွေအုပ်က လစဉ် လိုင်းကြေးကောက် ခွင့်ပြု၊ ပစားပေးထားတဲ့ ဧရာဝတီတိုင်းအတွင်း ပုသိမ်၊ဟင်္သာတ ၊ မအူပင် စတဲ့ မြို့ကြီးအချို့က မူးယစ်အရောင်းသမား၊ လုပ်ငန်းရှင်တွေရဲ့ အချက်အလက်တချို့ကို
ဧရာ၀တီတိုင်းအတွင်းက ပုသိမ်၊ မအူပင်စတဲ့ မြို့ကြီးတွေ အပါအဝင် နယ်မြို့တွေအတွင်း မူးယစ် ဆေးဝါး ရောင်းချနေသူတွေဟာ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ခွင့်ပြုချက်နဲ့ လစဉ်လိုင်းကြေးပေးကာ ရောင်းချနေကြတာဖြစ်တယ်လို့ DNA က သက်သေအထောက်အထားတွေနဲ့ စုံစမ်းသိထားရပါတယ်။
မူးယစ်ဆေးဝါးရောင်းချသူအများစုကတော့ ရဲတပ် ဖွဲ့ဝင်တွေဆီ လိုင်းကြေးတိုက်ရိုက်ပေးကြရပြီး အချို့မြို့နယ်တွေ မှာတော့ ရဲတပ်ဖွဲ့က ခိုင်းထားတဲ့ ဒေသခံလူမိုက်တွေ၊ စစ်ကော်မရှင်လက်ကိုင်တုတ်
တွေကို တဆင့်ခံ ပေးကြရ တယ်လို့ သိရပါတယ်။
“အဖမ်းခံရရင်လည်း သုံးတဲ့လူငယ်တွေလောက်ပဲ အဖမ်းခံရတာ၊ ရောင်းတဲ့ကောင်တွေက တခါမှ အဖမ်းခံရတာ မ တွေ့ဘူး၊ အဖမ်းခံရရင်လည်း ပြန်လွတ်တာပဲ၊ လတိုင်းလတိုင်း ရဲတွေက ဆေးရောင်းသူတွေဆီကို လာပြီး လိုင်း ကြေးကောက်တယ်၊ အဲဒီလိုလာတောင်းတာ ကိုယ်တိုင်မြင်ဖူးတဲ့သူငယ် ချင်းတွေ ရှိတယ်၊ ဆေးရောင်းတဲ့သူတွေက ဆရာပဲ၊ လိုင်းကြေးကို စခန်းသွားပေးစရာတောင် မလိုဘူး” လို့ ပုသိမ်မြို့မှာနေထိုင်တဲ့ မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးသူ လူငယ်မောင်ငယ်က DNA ကို ပြောပါတယ်။
ပုသိမ်မြို့ပေါ်မှာ အုပ်ချုပ်ရေးပိုင်းက လစဉ်လိုင်းကြေးကောက်ခံကာ ခွင့်ပြုပေးထားတဲ့ မူးယစ်ဆေးဝါးရောင်းချသူ ဆယ်ချီ ရှိနေကြောင်းလည်း သူက ပြောပြပါတယ်။
“တလမှာ ဘယ်လောက်ပေးရလဲ အတိအကျမသိဘူး၊ ဒိုင်ကြီး တွေကတော့ လေး၊ ငါးသိန်းလောက် ပေးရတယ်လို့ ကြားတယ်” လို့ အထက်ပါလူငယ်က ပြောပါတယ်။
တိုင်းအစိုးရအဖွဲ့ဝင် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေဟာ ရပ်ကွက်တွင်း မူးယစ်ဆေးဝါး လက်လီရောင်းချသူတွေကို လိုင်းကြေးကောက်ခံခွင့်ပြုပေးထား သလို ပမာဏအမြောက်အများနဲ့ မူးယစ်ဆေးဝါးကုန်ကူးတဲ့လုပ်ငန်းရှင်တွေကိုလည်း လုံခြုံ ရေးအကာအကွယ်တွေ ပေးထားတာရှိတယ်လို့ ဒေသခံတွေဆီက သိထားရပါတယ်။
အလားတူပဲ ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ်မှာလည်း အဲဒီလို မူးယစ်ဆေးဝါးရောင်းချသူတွေ၊ နှစ်လုံး၊ သုံးလုံးထီ ရောင်းချသူတွေကို လိုင်းကြေးကောက်၊ ခွင့်ပြုပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဘိုကလေးမြို့နယ်မှာ တော့ ရဲနဲ့ အုပ်ချုပ် ရေးအဖွဲ့က ကိုယ်တိုင် လိုင်းကြေးကောက်ခံတာမဟုတ်ဘဲ စစ်ကော်မရှင်နဲ့ နီးစပ်သူ ဒေသခံလူ မိုက်တွေကို တဆင့်ခံ ကောက်ခံခိုင်းထားတယ်လို့ ပြောကြပါတယ်။
“နယ်ဘက် ရွာတွေမှာလည်း ရောင်းတယ်၊ သူတို့ (အုပ်ချုပ်ရေးမှူးတွေ)ကိုယ်တိုင်ရောင်းတာတောင်ရှိတယ်၊ မြို့ပေါ် မှာတော့ လိုင်းကြေးကောက်တယ်၊ တသိန်းကျော်၊ နှစ်သိန်း အဲလိုပေးကြရတယ်၊ သူတို့တောင်းသလောက်မပေးရင် အဖမ်းခံရမယ် ခြိမ်းခြောက်တယ်၊ အဲလိုရောင်းနေတော့ လူငယ် တွေလည်း ပျက်စီးကုန်ကြတယ်၊ ဆယ်တန်း၊ ဆယ့် တတန်းကလေးတွေတောင် ဆေးသုံးနေကြတာ၊ အသီး(WY)တွေ ချနေတာ တွေ့တယ်” လို့ ဘိုကလေးမြို့ခံအမျိုး သားတဦးက ပြောပါတယ်။
DNA က ဒေသခံတွေကို မေးမြန်းရရှိထားတဲ့ အချက်အလက်တွေအရ အုပ်ချုပ်ရေး တာဝန်ရှိသူတွေဟာ မူးယစ်ဆေးဝါး ရောင်းချသူ (ရပ်ကွက်တွင်း ရောင်းချသူ) တွေဆီကနေ တလမှာ ငွေကျပ် တသိန်းကနေ ငါးသိန်းထိ လိုင်းကြေး ကောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
မူးယစ်ကုန်ကူး လုပ်ငန်းရှင်ကြီးတွေဆီတော့ အမြတ်ငွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကနေ သုံးဆယ်ရာခိုင်နှုန်းလောက်ထိ တောင်းယူကာ ခွင့်ပြုပေးထားတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။စစ်ကော်မရှင် လက်အော က်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စစ်တပ်အကြီးအကဲ၊ ရဲစခန်းတာဝန်ရှိသူတွေဟာ မူးယစ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်ပြီး ဘီလီယံချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို သိုလှောင်သိမ်းဆည်းပေးတာ၊ သယ်ယူသွားလာဖို့ လမ်း ကြောင်းရှင်းပေးတာတွေထိ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကလည်း ပုသိမ်မြို့ပေါ် အမှတ်(၁)ရပ်ကွက်၊ ဆင်အိုးဖိုရပ်၊ ကမ်းနားလမ်း ဂိုဒေါင်အ မှတ်(၁၉) မြေအောက်ခန်းမှာ သိုလှောင် ထားတဲ့ ကျပ်ဘီလီယံ ၁၂၀ တန်ဖိုးရှိ အိုက်စ်(Ice) ၄၀၀၀ ကီလိုဂရမ်ကို စစ်ကော်မရှင်က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဲဒီမူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်နေတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့တဲ့နေရာ အမှတ်(၁၉)ဂိုဒေါင်ဟာ စစ်ကော်မရှင်လက်အောက်
ခံ ရပ်ကွက် အုပ် ချုပ်ရေးမှူးတဦး(ရပ်ကွက်နဲ့ နာမည် သိထား)ပိုင်ဆိုင်တဲ့နေရာဖြစ်တယ်လို့ အဲဒီအခြေအနေကို သိထားတဲ့ ပုသိမ်ဒေ သခံအချို့က ပြောထားပြီး DNA ကတော့ သီးသန့်အတည်ပြုလို့ မရသေးပါဘူး။
ပုသိမ်အပါအဝင် ဧရာ၀တီတိုင်းအတွင်းက မြို့ပေါ်တွေမှာ ကာရာအိုခေဆိုင်(KTV)၊ ကွမ်းယာဆိုင်၊ ဘိလိယက်ခုံနဲ့ လူနေအိမ်တွေမှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်ထင်ထင်ရောင်းချနေတာဖြစ်ပြီး တခါတရံ လိုင်းကြေးမပေးသူ တွေ ဖမ်းဆီးခံရပေမယ့် ငွေပေးလိုက်ရင် ပြန်လွတ်လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သုံးတဲ့သူတွေဆို ပြန်မလွှတ်ဘူး၊ ရောင်းတဲ့သူတွေက လွတ်တာပဲ၊ သိန်းနှစ်ဆယ်၊ သုံးဆယ်ပေးလိုက်ရင် လွတ်ပြီ၊ အဲလိုလွှတ်ပေးတာ မနည်းတော့ဘူး၊ အာဏာသိမ်းပြီးနောက်ပိုင်း တောက်လျှောက်ပဲ၊ လွှတ်ပေးလိုက်တယ်၊ လိုင်းကြေးတောင်းစားတယ်၊ အဲလိုပဲ လုပ်နေတာ” လို့ ပန်းတနော်မြို့နယ်မှ အမျိုးသမီးတဦးက ပြောပါတယ်။
🔹 ခိုင်လုံတဲ့ ဝင်ငွေရလမ်းမရှိပဲ ချမ်းသာသွားကြသူများ
မူးယစ်လုပ်ငန်းရှင်တွေထဲမှာ အရင်ကတည်းက မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ကြီးပွားချမ်းသာလာခဲ့သူတွေ ပါဝင်သလိုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ နီးစပ်ပြီး မူးယစ်ဆေးဝါး လုပ်ငန်းနဲ့ အချိန်တိုအတွင်း ချမ်းသာသွားခဲ့ကြသူတွေလည်း အများအပြားရှိနေပါတယ်။
“၂၀၂၁ နောက်ပိုင်း ထဲထဲဝင်ဝင်ဖြစ်လာတယ်၊ တချို့ဆိုရင် ခိုင်လုံတဲ့အထောက်အထားမရှိဘဲ ပိုင်ဆိုင်မှုတွေ တိုးလာတာ၊ တိုက်ကြီးနှစ်လုံး၊ သုံးလုံးဆောက်ပစ်တာတွေရှိတယ်။ တချို့တွေဆို နာမည်ထွက်တယ်၊ ပိုင်ဆိုင်မှုတွေ တိုးလာတယ်။ ရဲကလည်း လွှတ်ပေးထားတယ်၊ သူတို့ ဒီဟာနဲ့ ပက်သက်ပြီးတော့ အဆမတန် ကြီးပွားလာတာရှိ တယ်” လို့ ဟင်္သာတခရိုင်တဝိုက် မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ကြီးပွားသသူတွေအကြောင်း သိထားတဲ့ ဒေသခံသတင် ရင်းမြစ်တဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီလို မူးယစ်လုပ်ငန်းလုပ်ပြီး ကြီးပွားလာသူတွေ ပိုတွေ့လာရသလို စစ် ကော်မရှင် လက်အောက်ခံရဲနဲ့ အုပ်ချုပ်ရေးဝန်ထမ်း တွေဟာလည်း လိုင်းကြေးကြောင့် ချမ်းသာသွားကြ သူတွေ ရှိနေတယ်လို့ သိရပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးထားတယ်၊ ဖြန့်တဲ့ထဲမှာ ရဲတို့၊ သူတို့နဲ့ ဆက်စပ်တဲ့ မိသားစုတွေပါ ပါတယ်၊ အဓိက လိုင်းကြေးပေးတာက သက်ဆိုင်ရာနယ်မြေအလိုက် ပေးကြရတာ၊ နယ်ထိန်းတွေ၊ နယ်မြေ အလိုက် မူးယစ်နဲ့ ပက်သက်တဲ့နာမည်ကြီးတဲ့သူတွေအပြင် လက်ခွဲသမားလေး ဆီကအစ လိုင်းကြေးကောက်တယ်၊ သိသာတာပြောရမယ်ဆိုရင် နယ်ထိန်းတယောက်ဆိုရင် သူ့ရဲ့ သာမန် လစာနဲ့ မဖြစ်နိုင်တဲ့ တိုက်ကြီးနှစ်လုံး လောက် ဆောက်ထားတာ တွေ့တယ်” လို့ အထက်ပါသတင်းရင်း မြစ်က ပြောပါတယ်။
မူးယစ်လုပ်ငန်းရှင်တွေနဲ့ လက်ခွဲအရောင်းသမားတွေဆီက လိုင်းကြေးကို နယ်မြေရဲစခန်းတွေမှ နယ်ထိန်း ခေါင်းဆောင်အပါအဝင် စခန်းအရာရှိပိုင်းတွေ ကောက်ခံနေကြတာဖြစ်ပြီး ဝေစုမတည့် လို့ အချင်းချင်း ပြဿနာဖြစ်ကြတဲ့ဖြစ်စဉ်တွေလည်း ဧရာ၀တီတိုင်းအတွင်း ရှိနေတယ်လို့ ပြောကြပါတယ်။
ဝါးခယ်မမြို့မှ ရဲအရာရှိတဦးဆိုရင် သူကိုယ်တိုင် မူးယစ်ဆေးဝါးရောင်းချတဲ့အလုပ်ကိုလုပ်နေပြီး တခြား ရဲတပ်ဖွဲ့ဝင် တွေကလည်း ခွင့်ပြုပေးထားတယ်လို့ ဝါးခယ်မဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။
🔹 မူးယစ်လုပ်ငန်းရှင်တို့အဖို့ကျက်စားရာ စားကျက်သစ် ဖြစ်လာတဲ့ ဧရာ၀တီ
အရင်ကဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင် ပြည်နယ်နဲ့ ရွှေတြိဂံဒေသတွေမှာ အဓိကထုတ် လုပ် တဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ ရခိုင်ကနေတဆင့် ရေလမ်းနဲ့ မလေးရှားနိုင်ငံ၊ ဩစတေးလျ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဆီ ကုန်ကူးပို့ဆောင်ခဲ့ကြတာပါ။
အဲဒီတုန်းက ရခိုင်ပြည်နယ်ဟာ မူးယစ်လုပ်ငန်းရှင်တွေအဖို့ အဓိက ကျက်စားကျင်လယ်ရာ ဒေသဖြစ်ခဲ့ပြီး ပြည်ပပို့မယ့် ဘီလီယံချီတန်ဖိုးရှိ ပမာဏများပြားလှတဲ့ မူးယစ်ဆေးဝါးတွေကို ရခိုင်ပြည်တွင်း သိုလှောင်ကာ ပေးပို့၊ ရောင်း ချနေခဲ့ကြတာပါ။
အခုနောက်ပိုင်းမှာ ရခိုင်အပါအဝင် နိုင်ငံတဝှမ်း တိုက်ပွဲတွေဖြစ်နေချိန် အရင်လမ်းကြောင်းတွေကနေ သယ်ယူဖို့ အခက်အခဲ ရှိသွားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်၊ ငြိမ်သက်နေတဲ့ ဧရာ၀တီတိုင်းဟာ မူးယစ်လုပ်ငန်းရှင်တွေအဖို့ စားကျက်အသစ် ဖြစ်လာခဲ့ရတယ်လို့ အငြိမ်းစား ရဲအရာရှိတဦးက သုံးသပ်ပါတယ်။
🔹 မူးယစ်နွံနစ်၊ လမ်းမှားရောက်ကြရတဲ့ လူငယ်တွေ
အဲဒီလို နယ်ကျေးရွာတွေပါမကျန် မြို့နယ်တိုင်းမှာ မူးယစ်ဆေးဝါးတွေ ပေါပါသီသီ ရလာတာကြောင့် မိဘတွေနဲ့ ဆရာဆရာမတွေကလည်း သူတို့သားတပည့်တွေအတွက် စိုးရိမ်ပူပန်မှုတွေ ပိုတိုးလာခဲ့ကြရပါတယ်။
“ကလေးတွေ ဆေးသုံးတာတွေ မြင်နေရတယ်၊ ကိုယ့်ကလေးတွေကိုလည်း သုံးမိမှာ စွဲသွားမှာ ကြောက်နေရတယ်၊ ရွာက ကလေးတွေဆို ဆေးသုံးကြတယ် ပြောတယ်၊ အရင်က အရက်မသောက်ဖို့၊ ဆေးလိပ်မသောက်ဖို့ပဲ မှာရတာ၊ အခု မူးယစ်ဆေးတွေပါ ကြားလာရတော့ စိတ်မအေးရပါဘူး” လို့ ဖျာပုံမြို့နယ်မှ သားနှစ်ယောက်မိခင် ဒေါ်ပုက ပြောပါ တယ်။
အချို့ဒေသတွေမှာဆိုရင် စာသင်ကျောင်းဝင်းတွေထဲမှာပါ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ကျောင်းသားတွေ ရှိလာ ပြီး ကလေးတွေကို ထိန်းမနိုင်ဖြစ်နေတယ် ကြားသိရကြောင်း ဧရာ၀တီတိုင်းမှ CDM ဆရာမတဦးက ပြောပါတယ်။
“အလွယ်တကူဝယ်လို့ရနေတော့ ကျောင်းသားတွေ ဆေးသုံးလာကြတယ်၊ အရွယ်မတိုင်ခင် လမ်းမှားရောက်ကုန်ကြတယ်၊ ကလေးတွေက မူးယစ်ဆေးဝယ်ဖို့အတွက် ခိုးမှုတွေလည်း အလွယ်တကူ ကျူး လွန်လာကြတယ်၊ စကားလည်း နားမထောင်ကြတော့ဘူး၊ ကျောင်းသားလေးတွေပဲ ရှိသေးတယ်၊ မကျူးလွန်သင့်တာတွေ ကျူးလွန်လာကြတယ်၊ ရင်လေးစရာတွေပါ” လို့ သူမက ပြောပါတယ်။
ဧရာ၀တီအပါအဝင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အပေါဆုံး၊ စျေးအတန်ဆုံးနဲ့ လူငယ် တွေ အသုံးများ ဆုံးမူးယစ်ဆေးဝါးဖြစ်တဲ့ WY ဟာ တခါသုံးစွဲမိသွားရင် စွဲလမ်းစေနိုင်ဖို့ ပိုများတဲ့ မူးယစ်ဆေး တမျိုးဖြစ်ပြီး အဲဒီ WY ကို ရေရှည်ဆက်တိုက်သုံးလာမယ်ဆိုရင် ပြန်ပြုပြင်လို့မရတဲ့ ဦးနှောက်ထိခိုက် ပျက်စီးပြီး ရူးသွားတဲ့အထိဖြစ်စေ နိုင်တယ်လို့ အထွေထွေရောဂါကုဆရာဝန်တဦးက ပြောပါတယ်။
“လုံး၀ စမ်းမသုံးတာ အကောင်းဆုံးပဲ၊ တခါကနေ နှစ်ခါ အဲဒီလို သွားစမ်းမိရင် စွဲသွားတာပဲ၊ ဒါက မူးယစ် ဆေးတွေထဲ အဆိုးဆုံးပါ၊ သုတေသနတွေမှာ ဖတ်ရသလောက် permanently brain damage ဖြစ်တာပေ့ါ၊ လူငယ်တွေကို ပြောချင်တာက လုံး၀ စမ်းမသုံးပါနဲ့လို့ ပြောချင်တယ်” လို့ သူက ဆိုပါတယ်။
စစ်ကော်မရှင်ဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်နေတာဟာ အကျိုးစီးပွားအရ ဖြစ်သလို လူငယ်တွေကို တော်လှန်ရေးမှာ ပါဝင်မှုမရှိအောင်၊ လူငယ်တွေ ပျက်စီးထိုင်းမှိုင်းသွားအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေတာလည်း ဖြစ်တယ်လို့ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်မှ ဒေသခံအမျိုးသားတဦးက မှတ် ချက်ပြုပါတယ်။
“ပေါပေါသီသီရှိလာတော့ လူငယ်တွေ မူးယစ်နွံမှာ နစ်လာတယ်၊ ပညာသင်ဖို့ စိတ်မဝင်စားတော့ဘူး၊ မှန် ခြင်း၊ မှား ခြင်းလည်း မခွဲခြားနိုင်တော့ဘူး၊ ဒါဟာ တနည်းအားဖြင့် တော်လှန်ရေးမှာ လူငယ်တွေပါဝင်ဖို့ ပျက်စီးလာအောင် ရည်ရွယ်ချက်ရှိရှိ
လုပ်တယ်လို့ ပြောလို့ရတယ်” လို့ ဆိုပါတယ်။