
၂၇ ရက်နေ့မှာ သူတို့ပျောက်သွားတယ် ဆိုပြီးပြောတယ်။ ပြီးတော့ ဘယ်မှာလဲသိချင်ရင် စုံစမ်းပေးမယ် ဒါပေမယ့် တယောက်ကို ၁ သိန်းစီ ပေးရမယ်လို့ ပြောတယ်။ ကိုယ်တွေကလည်း မတတ်နိုင်တော့ ရှာဖွေပြီး ၁ သိန်းခွဲလွှဲပေးလိုက်တာ။ အဲ့ဒါ အဖမ်းခံထားရတယ်တဲ့။ အဲ့ဒါပဲဘာမှလည်းထပ်မပြောဘူး ဘာမှလည်းမသိရဘူး ”
၁၃၊ ဒီဇင်ဘာလ။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာက အသက်မပြည့်သေးတဲ့ ယောက်ကျားလေး နှစ်ဦးဟာ ရန်ကုန်ကို သွားရာကနေ ပျောက်ဆုံးသွားခဲ့ပြီး ဘယ်ကိုရောက်နေမှန်း စုံစမ်းလို့ မရသေးဘူးလို့ ကာယကံရှင် မိသားစုတွေက DNA ကိုပြောပါတယ်။
“သူ့ကောင်မလေးက လာခိုးပါဆိုပြီးခေါ်လို့ သွားကြတာ။ အသက်မပြည့်သေးတာ ပြဿနာဖြစ်မယ်လို့ ပြောပေမယ့် ဇွတ်ပဲ အုပ်ကြီးထောက်ခံစာယူပြီးတော့ သွားလိုက်ကြတာ ” လို့ ပျောက်ဆုံးသွားတဲ့ နှစ်ဦးအနက်က မောင်သန့်ဇင်ဝင်းရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က မောင်သန့်ဇင်ဝင်းနဲ့ မောင်ရဲထက်နိုင်တို့ သူငယ်ချင်း နှစ်ယောက်ဟာ ရန်ကုန်ကို တက်သွားပြီး အဲ့နေ့မှာပဲ မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ကြတာပါ ။ ချစ်သူကောင်မလေးနဲ့ လှိုင်သာယာ အဝေးပြေးဝင်းမှာ ဆုံခဲ့ကြပြီး ရှားခဲကိုပြန်ဖို့အတွက် မောင်သန့်ဇင်ဝင်းက မိသားစုဆီကို ပြန်ဆက်သွယ်ချိန်မှာ နောက်ဆုံး အဆက်အသွယ် ရခဲ့တာ ဖြစ်ပါတယ်။
မောင်သန့်ဇင်ဝင်းဟာ ၁၇ နှစ်ကျော်ပြီဖြစ်ပြီး မောင်ရဲထက်နိုင်ကတော့ ၁၈ နှစ်ပြည့်တော့မှာဖြစ်သလို လူကောင်တွေလည်း ထွားကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့မှာ ချစ်သူကောင်မလေးဆိုသူက မိသားစုကို ဆက်သွယ်လာပြီး မောင်သန့်ဇင်ဝင်းတို့ ပြန်ရောက်လာလား မေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး သူတို့နဲ့ အတူမရှိနေချိန် ခဏလေးအတွင်းမှာ ပျောက်သွားခဲ့တယ်လို့ လှမ်းပြောကြောင်း မိသားစုတွေက ရှင်းပြပါတယ်။
“ ၂၇ ရက်နေ့မှာ သူတို့ပျောက်သွားတယ် ဆိုပြီးပြောတယ်။ ပြီးတော့ ဘယ်မှာလဲသိချင်ရင် စုံစမ်းပေးမယ် ဒါပေမယ့် တယောက်ကို ၁ သိန်းစီ ပေးရမယ်လို့ ပြောတယ်။ ကိုယ်တွေကလည်း မတတ်နိုင်တော့ ရှာဖွေပြီး ၁ သိန်းခွဲလွှဲပေးလိုက်တာ။ အဲ့ဒါ အဖမ်းခံထားရတယ်တဲ့။ အဲ့ဒါပဲဘာမှလည်းထပ်မပြောဘူး ဘာမှလည်းမသိရဘူး ” လို့ ပျောက်ဆုံးသူ နှစ်ဦးရဲ့ မိခင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရတယ်ဆိုပေမယ့် ဘာကြောင့်ဖမ်းတယ်၊ ဘယ်သူတွေကဖမ်းတယ်၊ ဘယ်မှာရှိနေတယ်၊ ဘယ်လိုစုံစမ်းရမယ် ဆိုတာတွေကိုတော့ တခုမှ မသိရသေးသလို လူပျောက်တိုင်ပြီး ရှာဖွေဖို့ကိစ္စမှာလည်း မိသားစုတွေဘက်က အခက်အခဲတချို့ရှိနေတယ်လို့ ဆိုပါတယ်။
ချစ်သူ ကောင်မလေးရဲ့ နာမည်ဟာ မထက်ထက်ခိုင်လို့ သိရပြီး မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ မှာနေထိုင်တယ် ဆိုပေမယ့် ငွေလွှဲပြီးနောက်ပိုင်းမှာ အဆက်သွယ်မရတော့ပဲ သူ့ညီမဆိုသူနဲ့သာ အဆက်သွယ်ရတော့တယ်လို့ သိရပါတယ်။DNA က မထက်ထက်ခိုင်ရဲ့ ညီမဖြစ်သူရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။