
“လူတွေကတော့ သတိရှိနေကြတယ်။ ဂျက်နှစ်စီးနဲ့ တခါတည်း လာတာ၊ အသံကြားတာနဲ့ ငါလည်း ဒီနေ့ သေပြီ လားမသိဘူး တွေးလိုက်မိသေးတယ်။ လာတာနဲ့ကို တန်းချတော့တာပဲ၊ ပထမ တလုံးချတယ်၊ ခဏကြာတာနဲ့ ငါး လုံး၊ ခြောက်လုံးလောက် တဆက်တည်းချတယ်။ လန့်သွားတာ သေမတတ်ပဲ။ လူအထိ အခိုက်လည်း ရှိတယ်”
၁၃၊ ဒီဇင်ဘာ။
ရခိုင်ပြည်နယ် မြောက်ဦးအပါအဝင် မြို့နယ် ခြောက်ခုအတွင်းရှိ အရပ်သားကျေးရွာ၊ ရပ်ကွက်တွေကို စစ်တပ်က မနေ့က ဒီဇင်ဘာ ၁၂ ရက်နေ့ ညနဲ့ ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်တွေမှာ လေကြောင်းကနေ ဗုံးအလုံးရေ ဆယ်ချီ ထပ်မံကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်က မနေ့က ညကိုးနာရီ ဝန်းကျင်အချိန်ကနေ ညသန်းခေါင်ချိန်ထိ မြောက်ဦးမြို့နယ် အုပ်ဖိုကန်ကျေးရွာ၊ မြောက်ဦးမြို့ အမှတ်(၃၁) ရဲတပ်ရင်းဝန်းကျင်၊ ပေါက်တောမြို့နယ် သဲခုံရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတော၊ တောင်ပေါက်ရွာ၊ ရသေ့တောင်မြို့နယ် ရေပိုက်ဆုံရွာတို့ကို ဗုံးကြဲခဲ့တာပါ။
ဒါ့အပြင် ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာလည်း ဂွမြို့ပေါ်အနီးဝန်းကျင်နဲ့ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို ဗုံးကြဲတိုက် ခိုက်မှုတွေကြောင့် အရပ်သား လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိသလို အရပ် သားထိခိုက်သေဆုံးမှု အချို့ရှိခဲ့ပေမယ့် အရေအတွက်အတိအကျနဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရ သေးပါဘူး။
“လူတွေကတော့ သတိရှိနေကြတယ်။ ဂျက်နှစ်စီးနဲ့ တခါတည်း လာတာ၊ အသံကြားတာနဲ့ ငါလည်း ဒီနေ့ သေပြီ လားမသိဘူး တွေးလိုက်မိသေးတယ်။ လာတာနဲ့ကို တန်းချတော့တာပဲ၊ ပထမ တလုံးချတယ်၊ ခဏကြာတာနဲ့ ငါး လုံး၊ ခြောက်လုံးလောက် တဆက်တည်းချတယ်။ လန့်သွားတာ သေမတတ်ပဲ။ လူအထိ အခိုက်လည်း ရှိတယ်” လို့ မြောက်ဦးမြို့ပေါ်သို့ ရောက်နေတဲ့ လူငယ်အမျိုးသားတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကလည်း အရပ်သားပြည် သူတွေ ဆေးကုသမှု ခံယူနေကြတဲ့ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၊ သက်ကြီးရွယ်အိုတွေအပြင် အရပ်သားပြည်သူ ၃၄ ဦး သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် နောက်တရက် ၂၄ နာရီမပြည့်ခင်မှာပဲ ကျောက်ဖြူမြို့နယ် င/လုံးစုရွာနဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး င/လုံး စုရွာမှ အရပ်သားပြည်သူ ၈ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နှစ်ဖက်တိုက်ပွဲဖြစ် ပွားမှုမရှိတော့တဲ့ မြို့နယ်၊ ကျေးရွာတွေကို စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်းမှာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ တာပါ။
“အရမ်းခံစားရတယ်၊ ရောဂါဖြစ်လို့ သေသွားရင်တောင် ဒီလောက်ခံစားရမှာမဟုတ်ဘူး၊ အခုက ခွေးတွေသတ်လို့ သေရတာ” လို့ မြောက်ဦးမြို့ဆေးရုံကြီးအတွင်း ဆေးကုသမှုခံယူနေစဉ် မိသားစုဝင်သုံးဦး တပြိုင်တည်း သေဆုံးခဲ့ ရတဲ့ မြေပုံမြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီလိုမျိုး အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကော်မရှင်ရဲ့ လုပ်ရပ်ဟာ စစ်သားမဆန်၊ သူရဲဘော ကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ချိုးဖောက်ရာလည်း ရောက်ကာ သင့်တော်သလို လက်တုန့်ပြန်သွား မယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
အရပ်သားပြည်သူ ရာဂဏန်းထိ ထိခိုက်၊ သေဆုံးမှုရှိခဲ့တဲ့ စစ်တပ်ရဲ့ မြောက်ဦးဗုံးကြဲမှုဟာ လူသားမျိုး နွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ဥရောပသမဂ္ဂ(EU)၊ ဥရောပကော်မရှင်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေက ထုတ်ပြောထားကြပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေရှိ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်ဘက် လူနေကျးရွာ၊ ဆေးရုံ၊ စာသင်ကျောင်းစတဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပြီး ရှမ်း ပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ်တွေ ရပ်စဲပြီးတဲ့နောက် လေကြောင်းဗုံးကြဲမှု ပိုစိပ်လာတာ တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို AA နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်းတပ်(TNLA)နဲ့ ကိုးကန့်တပ်(MNDAA)တို့ကတော့ တရုတ်အစိုးရ ဖိအားပေးမှုနဲ့ အတူ စစ်ကော်မရှင်နဲ့ အပစ်ရပ်ထားကြပါတယ်။ အဲဒီလို ရှမ်းမြောက်မှာ အပစ်ရပ်နေတာကြောင့် စစ်ကော်မရှင်အနေနဲ့ ရခိုင်ပြည်အတွင်း လေကြောင်းအားကိုးပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်၊ ဖိအားပေးမှုတွေ ဆက်ရှိလာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။
ရခိုင်မှာ တကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၅ နိုဝင်ဘာ ၂၃ ရက်ထိ နှစ်နှစ်တာကာလအတွင်း စစ်တပ်ရဲ့ လေကြောင်း ၊ လက်နက်ကြီးအန္တရာယ်ကြောင့် ၁၀၀၅ ဦး သေဆုံးပြီး ၂၁၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။