
ပထမဆုံး ခြေလှမ်းအနေနဲ့ ယူရို ၂၁၀ ဘီလီယံ (ဒေါ်လာ ၂၄၆ ဘီလီယံ) တန်ဖိုးရှိ ရုရှားအစိုးရ ပိုင်ဆိုင်မှုတွေကို ခြောက်လတကြိမ် မဲခွဲဆုံးဖြတ်ပြီး သက်တမ်းတိုးနေရမယ့်အစား လိုအပ်သမျှကာလပတ်လုံး အကန့်အသတ်မရှိ ထိန်းချုပ်ထားဖို့ ဖြစ်ပါတယ်။
၁၃၊ ဒီဇင်ဘာ။
ဥရောပသမဂ္ဂ (အီးယူ) ဟာ ဥရောပမှာ ထိန်းသိမ်းထားတဲ့ ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို အကန့်အသတ်မရှိ ထိန်းချုပ်ထားဖို့ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့က သဘောတူညီခဲ့ကြပါတယ်။ အဆိုပါသဘောတူညီမှုဟာ ရုရှားကို ပြန်လည်ခုခံကာကွယ်နေတဲ့ ယူကရိန်းကို ကူညီပေးမယ့် အစီအစဉ်အတွက် ကြီးမားတဲ့ အတားအဆီးတခုကို ဖယ်ရှားလိုက်သလိုလည်း ဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ဟာ ဥရောပလုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ ရှုမြင်တာကြောင့် အီးယူဟာ ယူကရိန်းကို ဘဏ္ဍာရေးထောက်ပံ့မှုပေးပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ ဆန္ဒရှိနေတာပါ။ ဒါ့ကြောင့် ၂၀၂၂ ခုနှစ် မော်စကိုရဲ့ ယူကရိန်းကို စတင်ကျူးကျော်စဉ်က ထိန်းချုပ်ထားခဲ့တဲ့ ရုရှားအစိုးရပိုင်ဆိုင်မှု တချို့ကို အသုံးပြုဖို့ အီးယူနိုင်ငံတွေက ရည်ရွယ်ထားပါတယ်။
ပထမဆုံး ခြေလှမ်းအနေနဲ့ ယူရို ၂၁၀ ဘီလီယံ (ဒေါ်လာ ၂၄၆ ဘီလီယံ) တန်ဖိုးရှိ ရုရှားအစိုးရ ပိုင်ဆိုင်မှုတွေကို ခြောက်လတကြိမ် မဲခွဲဆုံးဖြတ်ပြီး သက်တမ်းတိုးနေရမယ့်အစား လိုအပ်သမျှကာလပတ်လုံး အကန့်အသတ်မရှိ ထိန်းချုပ်ထားဖို့ ဖြစ်ပါတယ်။
ဒါဟာ ရုရှားနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့အနေနဲ့ ရုရှားဘက်က ရပ်တည်နိုင်မယ့် အခြေအနေကို ကြိုတင်ကာကွယ်လိုက်တာလည်း ဖြစ်ပါတယ်။
အဆိုပါ နှစ်နိုင်ငံက ရုရှားနဲ့ ဆက်ဆံရေးကောင်းကြတဲ့အတွက် ပိတ်ဆို့မှုတွေကို သက်တမ်းမတိုးပေးဘဲ ငြင်းလာမှာကို စိုးရိမ်နေကြတာပါ။ အဲဒီလိုသာ ဖြစ်ခဲ့ရင် အီးယူအနေနဲ့ သိမ်းထားတဲ့ပိုက်ဆံတွေကို ရုရှားလက်ထဲ ပြန်ထည့်ပေးရမယ့် အခြေအနေ ဖြစ်သွားနိုင်ပါတယ်။
ထိန်းချုပ်ထားတဲ့ ရုရှားငွေကြေးတွေကို အသုံးပြုပြီး ယူကရိန်းရဲ့ ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်အတွက် စစ်ရေး၊ အရပ်ဘက်အသုံးစရိတ် လိုအပ်ချက်တွေ ကာမိစေဖို့ ယူရို ၁၆၅ ဘီလီယံအထိ ချေးငွေထုတ်ပေးသွားဖို့ ရှိနေပါတယ်။
အဆိုပါ ချေးငွေဟာ အနာဂတ်မှာ ရုရှားက ပေးဆောင်ရမယ့် စစ်လျော်ကြေးငွေတွေကို ကြိုတင်ထုတ်ပေးတဲ့ ထောက်ပံ့ငွေ သဘောမျိုး သက်ရောက်စေပါတယ်။ အီးယူခေါင်းဆောင်တွေဟာ ဒီဇင်ဘာ ၁၈ ရက်မှာ တွေ့ဆုံပြီး အဆိုပါ လျော်ကြေးချေးငွေဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
Ref – Reuters