လယ်သမားတွေဆီက ကျဈေးနဲ့ ဝယ်ထားတဲ့ စပါးတွေကို တိုင်းအစိုးရအစီအစဉ်နဲ့ ဈေးတင်ပြီး ဘင်္ဂလားဒေ့ရှ် ရောင်းဖို့စီစဉ်နေ

“ လယ်သမားအများစုက ငွေကိုင်ပြီး လယ်လုပ်ကြတာ မဟုတ်ဘူး။ အခုနှစ်တွေလိုမျိုး အရှုံးဆက်နေတဲ့ ကာလတွေဆိုရင် ချေးငွေတွေနဲ့ လုပ်ကြရတာ။ ဒီတော့ စပါးပေါ်တာနဲ့ အောင်းမထားနိုင်ဘူး ဈေးကောင်း မစောင့်နိုင်ဘူး ရောင်းကြရတယ်။ အရပ်သား အစိုးရလက်ထက်တုန်းကတော့ လယ်သမားတွေကို စောင့်ပေးတယ်၊ ရာသီဥတုကြောင့် နစ်နာရတာတွေအတွက် ကာဗာဖြစ်အောင် ကြိုးစားပေးတော့ လယ်သမားတွေရဲ့ ဘဝက အခြေနေတခုထိ တိုးတက်လာခဲ့တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ အခုကတော့ဗျာ လှုပ်လေ မြုပ်လေပါပဲ ”

၁၃၊ ဒီဇင်ဘာလ။

ဧရာဝတီတိုင်းကထွက်တဲ့ ဧည့်မထ (၅)မှတ် ဆန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ G to G စနစ်နဲ့ တန်ချိန် ၂၇၀၀ တင်ပို့နိုင်ဖို့ တိုင်းအစိုးရက စီစဉ်နေပါတယ်။

ဧည့်မထ အမျိုးအစား စပါးတွေကို တောင်သူတွေက ဈေးအမြင့်ဆုံး တင်း ၁၀၀ ကို ငွေကျပ် ၉  သိန်းဝန်းကျင်နဲ့သာ ဈေးရခဲ့ပေမယ့် ကုန်သည်တွေက ဧရာဝတီတိုင်း အစိုးရရဲ့ အစီအမံနဲ့ ဆန် ၁ တန် (ကွာလတီမှီ ဆန် ၁ တန်ထွက်ဖို့ မျှမ်းပျှ စပါး တင်း ၁၀၀ ဝန်းကျင်လိုအပ်ပါတယ်)ကို ငွေကျပ် ၁၆ သိန်းကျော်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောင်းချရဖို့ ရှိနေတာပါ။

“အခုက ကျွန်တော်သိသလောက်တော့ ပို့ဖို့အတွက် ပုသိမ်မှာ ကြိတ်ခွဲနေပြီပေါ့။ သယ်ယူစရိတ်နဲ့ ကြိတ်ခွဲခတွေ ထပ်ပေါင်းထည့်ရမှာဆိုပေမယ့် သူတို့ အဲ့လောက်ဈေးရတယ်ဆိုရင် လယ်သမားတွေကိုလည်း ပိုပေးသင့်ပါတယ် ” လို့ မြောင်းမြမြို့က တောင်သူလယ်သမားအရေး လှုပ်ရှားသူ တဦးက ဆိုပါတယ်။

လယ်သမားတွေဟာ စပါးထွက်ချိန်မှာ မိုးမပြတ်သေးတာကြောင့် ကောင်းမွန်အောင် အခြောက်မခံနိုင်သေးချိန်မှာ အစိုအနေနဲ့ ရောင်းထုတ်ခဲ့ရပြီး အဲ့ဒီအချိန်က စပါးဈေးဟာ အစိုဈေး ၉ သိန်းဝန်းကျင်သာရှိပြီး စပါးဈေးကလည်း ၁၀ သိန်းဝန်းကျင်သာရှိခဲ့တာဖြစ်ပါတယ်။

“ ကုန်သည်တွေကတော့ ငွေကိုင်ထားနိုင်တော့ ကျဈေးနဲ့ဝယ်လှောင်လိုက်ပြီး တက်ဈေးမှာ ထုတ်ရောင်းကြတာပါပဲ။ ဒီကြားကာလ ၁၀ နှစ်လောက်မှာ ဒီလောက်ကြီးဈေးတန်းကွာတာမျိုးတော့ မရှိတော့ပေမယ့် ခုက ဟိုးအရင်ကလို ငွေရှင်တွေ ခရိုနီတွေ အကြိုက်လုပ်လို့ရတဲ့ နိုင်ငံရေး အနေအထားကို ပြန်သွားနေတာဆိုတော့ ခံပြီးရင်းခံရုံပေါ့ ” လို့ မြောင်းမြက စပါးကုန်သည်တဦးက ဆိုပါတယ်။

သူဟာ စပါးကုန်သည် ပဲကုန်သည်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ချီကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် လယ်သမားတွေနဲ့ ကုန်သည်ကြီးတွေကြားက ကွာဟချက်တွေကိုလည်း သူ့အတွေ့အကြုံတွေကို အခြေခံပြီး ရှင်းပြပါတယ်။

“ လယ်သမားအများစုက ငွေကိုင်ပြီး လယ်လုပ်ကြတာ မဟုတ်ဘူး။ အခုနှစ်တွေလိုမျိုး အရှုံးဆက်နေတဲ့ ကာလတွေဆိုရင် ချေးငွေတွေနဲ့ လုပ်ကြရတာ။ ဒီတော့ စပါးပေါ်တာနဲ့ အောင်းမထားနိုင်ဘူး ဈေးကောင်း မစောင့်နိုင်ဘူး ရောင်းကြရတယ်။ အရပ်သား အစိုးရလက်ထက်တုန်းကတော့ လယ်သမားတွေကို စောင့်ပေးတယ်၊ ရာသီဥတုကြောင့် နစ်နာရတာတွေအတွက် ကာဗာဖြစ်အောင် ကြိုးစားပေးတော့ လယ်သမားတွေရဲ့ ဘဝက အခြေနေတခုထိ တိုးတက်လာခဲ့တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ အခုကတော့ဗျာ လှုပ်လေ မြုပ်လေပါပဲ ” လို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စပါးဈေးဟာ ငွေကျပ် ၁၃ သိန်းဈေးကို ပြန်တက်လာပြီဖြစ်ပြီး နောက်ကျစပါးတွေနဲ့ စပါးလှောင်ထားနိုင်တဲ့ လယ်သမားအနည်းစုအတွက် တွက်ချေကိုက်တဲ့ အခြေအနေကို ရောက်ရှိလာပေမယ့် အများစုကတော့ တက်ဈေးနဲ့ ဆန်ပြန်ဝယ်စားရမယ့် အခြေအနေကို ရောက်လာတာ ဖြစ်ပါတယ်။

“ ကံပေါ့လို့တောင် မပြောနိုင်တော့ဘူး။ နင်းပြားပဲ။ တခါတခါ စစ်ရယ် ငါတို့ဆီလာ ဖြစ်လိုက်စမ်းပါ လို့တောင် တွေးမိတယ်။ ပဲဈေးလေးကောင်းဖို့ လာမယ့်နှစ် စပါးဈေးလေး ပြန်ကောင်းလာဖို့ဆိုတာလည်း မမျှော်ချင်တော့ဘူး ” လို့ ဇလွန်မြို့နယ်ထဲမှာ နေထိုင်တဲ့ ကိုတိုးကြီးက ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့ မိုးစပါးနဲ့ ၂၀၂၄ ခုနှစ်က မိုးစပါးနဲ့ နွေစပါးတွေမှာ ဆက်တိုက် အရှုံးပေါ်ခဲ့တဲ့ လယ်သမား တဦးဖြစ်ပါတယ်။

ဧရာဝတီတိုင်းအစိုးရဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို G to G စနစ်နဲ့ ဆန်တင်ပို့ဖို့ စီစဉ်နေတာဟာ လအတော်ကြာနေခဲ့ပြီ ဖြစ်ပေမယ့် အောက်တိုဘာလမှာ ရိတ်သိမ်းခဲ့တဲ့ စပါးတွေကို ဈေးတန်းတင်ပြီး ရောင်းဝယ်ဖို့ ကိစ္စကိုတော့ မလုပ်ခဲ့ဘူးလို့ လယ်သမားရေး လှုပ်ရှားကြသူတွေက စွပ်စွဲထားပါတယ်။

ဒီနှစ် စက်တင်ဘာနဲ့ အောက်တိုဘာမှာ ဧရာဝတီတိုင်းအတွင်းက စိုက်ဧက အများစု ရိတ်သိမ်းခဲ့ပြီး အဲ့အချိန်မှာ ကောက်သစ်တွေ ဈေးကျနေတာကြောင့် စပါးဈေးကို ၁၂ သိန်းဝန်းကျင်ထိ ဆွဲတင်ပေးဖို့ တောင်သူလယ်သမားတွေက မျှော်လင့်ခဲ့ကြပေမယ့် တိုင်းအစိုးရက ဆောင်ရွက်မပေးနိုင်ခဲ့တာ တွေ့ရပါတယ်။