
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပြင်းထန်တဲ့ နယ်စပ်တိုက်ပွဲတွေဟာ ငါးရက်မြောက်နေ့အထိ ရှိလာပြီး တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွါးနေဆဲပါ။
၁၃၊ ဒီဇင်ဘာ။
ကမ္ဘောဒီးယားနဲ့ နယ်စပ်ပဋိပက္ခနဲ့ ပတ်သတ်လို့ အမေရိကန်သမ္မတ ထရမ့်က ဖုန်းခေါ်ဆိုခဲ့ပေမယ့် အပစ်အခတ်ရပ်စဲမှု မရှိသေးဘူးလို့ ထိုင်းဝန်ကြီးချုပ် အနုတင်က မနေ့က ပြောပါတယ်။
အမေရိကန် သမ္မတ ထရမ့်ကတော့ ငြိမ်းချမ်းရေးကို လိုလားပြီး ထိုင်းနိုင်ငံအနေနဲ့ စစ်ဆင်ရေးတွေကို ရပ်တန့်ပြီး အရင်က သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေး အခြေအနေဆီ ပြန်သွားစေလိုကြောင်း ပြောခဲ့တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ထိုင်းနိုင်ငံဟာ ရန်လိုကျူးကျော်သူ မဟုတ်ဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုကို ကာကွယ်နေတာသာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က သမ္မတထရမ့်ကို ပြောခဲ့ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပြင်းထန်တဲ့ နယ်စပ်တိုက်ပွဲတွေဟာ ငါးရက်မြောက်နေ့အထိ ရှိလာပြီး တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွါးနေဆဲပါ။
နှစ်နိုင်ငံစလုံးဟာ ကီလိုမီတာ ၈၁၇ ရှည်လျားတဲ့ အငြင်းပွားဖွယ် နယ်စပ်မျဉ်းတလျှောက်ရှိ နေရာအများအပြားမှာ ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လက လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ ငါးရက်ကြာ တိုက်ပွဲတွေနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
အဲဒီကာလတုန်းက သမ္မတထရမ့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ နှစ်ဘက်စလုံး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပါတယ်။
အခုတပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၂၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ နှစ်နိုင်ငံက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ နှစ်နိုင်ငံစလုံးကတော့ အခုလို ပဋိပက္ခမီးတွေ ပြန်လည်တောက်လောင်လာရတဲ့အပေါ် တဘက်နဲ့တဘက် အပြန်အလှန် ပြစ်တင်ဝေဖန်နေကြပါတယ်။
Ref – Reuters