မြောက်ဦးဆေးရုံကိုဗုံးကြဲပြီး နှစ်ဆယ့်နှစ်နာရီအကြာမှာ ကျောက်ဖြူနဲ့ ဂွကိုပါဗုံးထပ်ကြဲ

“စစ်ဘက်နဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေနေတဲ့ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကတော့ အလွန်သူရဲဘော ကြောင် အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလည်း ဖြစ် တယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

၁၂၊ ဒီဇင်ဘာ။

အရပ်သားတရာကျော် ထိခိုက်၊ သေဆုံးမှုရှိခဲ့တဲ့ မြောက်ဦးပြည်သူ့ဆေးရုံဗုံးကြဲပြီး နောက်ရက် ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီမှာ စစ်တပ်က ကျောက်ဖြူနဲ့ ဂွမြို့နယ်တို့အတွင်း ဗုံးထပ်ကြဲခဲ့တာကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားပြည်သူ ၈ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

စစ်တပ်ဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျောက်ဖြူမြို့နယ် င/လုံးစုအထက်ရွာနဲ့ အောက် ရွာတွေကို ဒီဇင်ဘာ ၁၁ ရက် ည ခုနှစ်နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၈ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲနဲ့လည်း အဝေးကြီးနော် င/လုံးစုဆိုတာက၊ စစ်ရှောင်တွေရော ရောက်နေကြတာ။ ရွာထဲတည့်တည့်ကို ချ တယ်၊ ဒဏ်ရာပြင်းတဲ့သူတွေလည်း ရှိနေသေးတော့ သေတာ ထပ်တိုးအုံးမလားမသိဘူးဗျ” လို့ ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီကျောက်ဖြူ လေကြောင်းဗုံးကြဲမှုဖြစ်စဉ်နဲ့ ပက်သက်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း အတည်ပြုပေးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ မနေ့က ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဂွမြို့နယ်အတွင်း ဂျက်ဖိုက် တာနဲ့ရော ပင်လယ်ပြင်ရှိ စစ်ရေယာဉ်(နေဗီ)ကနေပါ ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

“ဂျက်နဲ့ ပစ်တာက ရေထဲကျတယ်၊ လက်နက်ကြီးပစ်တာလည်း အထိအခိုက်တော့ မရှိဘူး၊ ကံကောင်းသွားတယ် ပြောရမယ်” လို့ ဂွဒေသခံ လူမှုကူညီရေးဆောင်ရွက်နေသူ လူငယ်တဦးက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ညပိုင်းကလည်း မြောက်ဦးမြို့ပေါ်ရှိ ခရိုင်အ ဆင့်ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံတက်ကကုသမှုခံယူနေကြတဲ့ လူနာ၊ လူနာစောင့်တွေ၊ ဆေးရုံ ဝန်ထမ်းတွေအပါအဝင် အရပ်သားပြည်သူပေါင်း ၃၄ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

“သေတဲ့သူက ထပ်တိုးလာနေတာ၊ မနေ့ကညပိုင်းမှာ တယောက်ထပ်သေတော့ အခု ၃၄ ယောက် ဖြစ်သွားတယ်။ ဒဏ်ရာပြင်းတဲ့သူတွေ ထပ်ရှိနေသေးတယ်၊ အလောင်းရှာမရ၊ ပျောက်နေတာလည်း ရှိသေးတယ်” လို့ မြောက်ဦးမြို့ မှ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီလိုမျိုး အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ စစ်သားမဆန်၊ သူရဲဘော ကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

“စစ်ဘက်နဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေနေတဲ့ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကတော့ အလွန်သူရဲဘော ကြောင် အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလည်း ဖြစ် တယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

အရပ်သားပြည်သူ ရာဂဏန်းထိ ထိခိုက်၊ သေဆုံးမှုရှိခဲ့တဲ့ စစ်တပ်ရဲ့ မြောက်ဦးဗုံးကြဲမှုဟာ လူသားမျိုး နွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကုလလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ၊ က မ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ဥရောပသမဂ္ဂ(EU)၊ ဥရောပကော်မရှင်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လွှတ် တော်အမတ်၊ ဝန်ကြီးတွေက ထုတ်ပြောထားကြပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေရှိ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်ဘက် လူနေကျးရွာ၊ ဆေးရုံ၊ စာသင်ကျောင်း စတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပြီး ရှမ်း ပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ်တွေ ရပ်စဲပြီးတဲ့နောက် လေကြောင်းဗုံးကြဲမှု ပိုစိပ်လာတာ တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို AA နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်း တပ်(TNLA)နဲ့ ကိုးကန့်တပ် (MNDAA)တို့ ကတော့ စစ်ကော်မရှင်နဲ့ အပစ်ရပ်ထားကြပါတယ်။ အဲဒီလိုရှမ်းမြောက် မှာ အပစ်ရပ်နေတာကြောင့် စစ်ကော်မရှင်အနေနဲ့ ရခိုင်ပြည်အတွင်း လေကြောင်းအားကိုးကာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်၊ ဖိအားပေးမှုတွေ ဆက်ရှိလာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

ရခိုင်မှာ တကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၅ နိုဝင်ဘာ ၂၃ ရက် ထိ နှစ်နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်၊ လက်နက်ကြီးအန္တရယ်ကြောင့် ၁၀၀၅ ဦး သေဆုံး ပြီး ၂၁၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။