ဗင်နီဇွဲလား သင်္ဘောခြောက်စင်းကို အမေရိကန် ပိတ်ဆို့ အရေးယူ

အမေရိကန်ဘက်က မာဒူရိုအပေါ် ဖိအားပေးလှုပ်ရှားမှုတွေ သိသိသာသာ အရှိန်မြှင့်တင်နေတာကို ပြသနေတာလည်းဖြစ်ပါတယ်။

၁၂၊ ဒီဇင်ဘာ။

ဗင်နီဇွဲလားကမ်းလွန်မှာ ရေနံတင်သင်္ဘောတစင်းကို ဖမ်းဆီးပြီး တရက်အကြာ ဗင်နီဇွဲလားရေနံတွေ တင်ဆောင်ထားတဲ့ နောက်ထပ်သင်္ဘော ခြောက်စင်းကို အမေရိကန်က ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

ဝါရှင်တန်က တရားမဝင်အစိုးရလို့ ခေါ်ဆိုထားတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုရဲ့ အစိုးရနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးတွေအပြင် မာဒူရိုရဲ့ ဆွေမျိုးသားချင်းတချို့ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ လုပ်လိုက်တာပါ။

Skipper အမည်ရှိ ဖမ်းဆီးခံရတဲ့ သင်္ဘောဟာ တရားမဝင် ရေနံသယ်ယူပို့ဆောင်ရေးမှာ ပါဝင်ပတ်သက်နေပြီး အမေရိကန်ဆိပ်ကမ်းတခုကို ခေါ်ဆောင်သွားမှာဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ်က သတင်းထောက်တွေကို ပြောထားပါတယ်။

ဒါဟာ အမေရိကန်ဘက်က မာဒူရိုအပေါ် ဖိအားပေးလှုပ်ရှားမှုတွေ သိသိသာသာ အရှိန်မြှင့်တင်နေတာကို ပြသနေတာလည်းဖြစ်ပါတယ်။

ဗင်နီဇွဲလားဘက်ကတော့ အဆိုပါ လုပ်ရပ်ကို နိုင်ငံတကာ ပင်လယ်ဓားပြမှုအဖြစ် ဖော်ပြခဲ့ပါတယ်။

ဒီလို ဖိအားပေးတဲ့ စီမံချက်တွေမှာ အရင်တုန်းကလည်း မူးယစ်ဆေးသယ်လာတယ်လို့ စွပ်စွဲပြီး လှေတွေကို ပစ်ခတ်ဖမ်းဆီးခဲ့လို့ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။

မကြာသေးခင်ကလည်း အမေရိကန်စစ်သင်္ဘောတွေ ဒေသတွင်းကို ဝင်ရောက်လာတာတွေ ရှိနေပါတယ်။

ထရမ့်အစိုးရအဖွဲ့ကတော့ ဗင်နီဇွဲလားဟာ အမေရိကန်ပြည်ထောင်စုအတွင်းကို မူးယစ်ဆေးဝါးတွေ ခိုးသွင်းနေတယ်လို့ စွပ်စွဲထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်တချို့ ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလားက ဝါရှင်တန်ဟာ သူတို့ရဲ့ သယံဇာတတွေကို ခိုးယူဖို့ ကြိုးပမ်းနေတယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားဟာ ဘယ်တော့မှ ရေနံကိုလိုနီနိုင်ငံဖြစ်လာမှာ မဟုတ်ဘူးလို့ မာဒူရိုက ဗုဒ္ဓဟူးနေ့က ကတိပြုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ နိုင်ငံအတွင်းကို တရားမဝင် မူးယစ်ဆေးဝါးတွေ စီးဝင်မှု ရပ်တန့်ဖို့နဲ့ ပိတ်ဆို့မှုတွေ အသက်ဝင်စေရေးအတွက် သန္နိဋ္ဌာန်ချထားကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Ref – BBC