
ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပြင်းထန်တဲ့ နယ်စပ်ပဋိပက္ခ လေးရက်မြောက်နေ့မှာ အခုလိုကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
၁၂၊ ဒီဇင်ဘာ။
ထိုင်းဝန်ကြီးချုပ် အနုတင်က ပြည်သူ့ထံကို အာဏာပြန်လည်အပ်နှင်းမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့က ကြေညာပြီးနောက် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး အရင်ခန့်မှန်းထားတဲ့အချိန်ထက် စောစီးစွာ ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
ထိုင်းဘုရင်မင်းမြတ်က အဆိုပါ အမိန့်ပြန်တမ်းကို အတည်ပြုပေးခဲ့တာဖြစ်လို့ ဥပဒေအရ ၄၅ ရက်ကနေ ၆၀ ရက်အတွင်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရတော့မှာဖြစ်ပါတယ်။
လွှတ်တော်အတွင်း အကြီးဆုံး အင်အားစုတွေဖြစ်တဲ့ အတိုက်အခံ People’s Party ပါတီနဲ သဘောထားကွဲလွဲမှု ဖြစ်ပွားပြီးနောက် အခုလိုဖြစ်လာခဲ့တာလို့ အစိုးရပြောရေးဆိုခွင့်ရှိသူ သီရိပေါင် အန်ခါသကွန်ကီယက်က ရိုက်တာ သတင်းဌာနကို ပြောကြားထားပါတယ်။
“လွှတ်တော်ထဲမှာ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့တာကြောင့် အခုလို ဖြစ်လာရတာပါ”လို့ သူက ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပြင်းထန်တဲ့ နယ်စပ်ပဋိပက္ခ လေးရက်မြောက်နေ့မှာ အခုလိုကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ နယ်စပ်ပဋိပက္ခကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးကာ ၂၀၀ နီးပါး ဒဏ်ရာရရှိထားပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဒါဇင်နဲ့ချီ နေရာတွေမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေပါ ရှိနေတာပါ။ အခုလို လွှတ်တော်ဖျက်သိမ်းလိုက်တာက နယ်စပ်တလျှောက် စစ်ဆင်ရေးတွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ အနုတင်က ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှင်းလိုက်ပြီ ဖြစ်ပါတယ်”လို့ အနုတင်က ကြာသပတေးနေ့ ညပိုင်းမှာ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
အနုတင်ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံဟာ အမေရိကန်က တိုးမြှင့်ကောက်ခံတဲ့ အကောက်ခွန်တွေ၊ ပြည်သူတွေရဲ့ အိမ်ထောင်စုကြွေးမြီ မြင့်မားနေတာတွေနဲ့ ပြည်တွင်းသုံးစွဲမှု ကျဆင်းနေတာတွေကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။
အဲဒီလို ရုန်းကန်နေရတဲ့ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး ထိုင်းနိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ အခုလို နိုင်ငံရေး အပြောင်းအလဲများက မတည်ငြိမ်မှုကို ပိုပြီး ထိခိုက်စေပါတယ်။
လွှတ်တော်ကို ဇန်နဝါရီလကုန်မှာ ဖျက်သိမ်းပြီး မတ်လ ဒါမှမဟုတ် ဧပြီလ အစောပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးချုပ် အနုတင်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြောခဲ့ပါတယ်။
လက်ရှိအပြောင်းအလဲကြောင့် ရွေးကောက်ပွဲပြုလုပ်မယ့် အချိန်ဇယားဟာ အရင်ကထက် ပိုမိုမြန်ဆန်သွားတော့မှာ ဖြစ်ပါတယ်။
Ref -Reuters