မြောက်ဦးဆေးရုံကို စစ်တပ်က ဗုံးကြဲ၊ သေဆုံးသူ သုံးဆယ်ကျော်ရှိပြီ

“စစချင်းမှာ ပွဲချင်းပြီး ဆုံးတာက ဆယ်ယောက်တည်းပါ၊ တဖြေးဖြေးနဲ့ များသွားတာ၊ ဆေးကုဖို့နေရာတွေလည်း အရေးပေါ်ရွေ့နေရတော့ အခက်အခဲရှိပါတယ်”

၁၁၊ ဒီဇင်ဘာ။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က မနေ့ကည အချိန်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဆေးရုံထဲ ဆေးကုသမှုခံယူနေတဲ့ လူနာနဲ့ လူနာစောင့်တွေအပါအ၀င် စုစုပေါင်း ၃၃ ဦး သေဆုံးကာ ရှစ်ဆယ်နီးပါး ဒဏ်ရာရသွားခဲ့ပါတယ်။

“လူနာဆောင်တည့်တည့်ကိုကျတာ၊ ဘယ်လောက်ယုတ်မာလဲ စဉ်းစားကြည့်တော့၊ သွေးစက်လက်နဲ့ လူနာတွေအ များကြီး၊ သေတဲ့အလောင်းတွေဆို ရေလို့တောင်မရ၊ နဂိုကတည်းက လူနာတွေဆိုတော့ ဒဏ်ရာရသွားတဲ့သူတွေလည်း စိုးရိမ်ရတာပါပဲ၊ အခုထိ သုံးဆယ်ကျော်ပြီ သေတဲ့သူက၊ ထပ်ရှိနိုင်သေးတယ်” လို့ မြောက်ဦးမြို့မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ မနေ့က ဒီဇင်ဘာ ၁၀ ရက် ည ကိုးနာရီ ၁၃ မိနစ်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုဗုံးကြဲခံရတဲ့ မြောက်ဦးဆေးရုံဟာ လက်ရှိ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက အကြီးဆုံးနဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးဝါးပစ္စည်း ပြည့်စုံမှုအရှိဆုံး ဆေးရုံတခုဖြစ်ပြီး ခွဲစိပ်လူနာ၊ မွေးလူနာတွေ အများအပြား ဆေးရုံတက် ကုသမှုခံ‌ယူနေကြတာဖြစ်ပါတယ်။

အခု စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသွားသူတွေထဲ အရပ်သားလူနာတွေ၊ လူနာစောင့်တွေ အပြင် ဆေးဝန်ထမ်း၊ သူနာပြုတွေလည်း ပါဝင်ပါတယ်။

“စစချင်းမှာ ပွဲချင်းပြီး ဆုံးတာက ဆယ်ယောက်တည်းပါ၊ တဖြေးဖြေးနဲ့ များသွားတာ၊ ဆေးကုဖို့နေရာတွေလည်း အရေးပေါ်ရွေ့နေရတော့ အခက်အခဲရှိပါတယ်” လို့ နောက်ထပ်မြောက်ဦးဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာလည်း ပြင်းထန်ဒဏ်ရာရထားသူ ၂၇ ဦးရှိပြီး အဲဒီထဲ စိုးရိမ်ရသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေရှိ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်ဘက်လူနေကျးရွာ၊ ဆေးရုံ၊ စာသင်ကျောင်းစတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်အခတ်တွေ ရပ်စဲပြီးတဲ့နောက် လေကြောင်းဗုံးကြဲမှု ပိုစိပ်လာတာ တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို AA နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တအာင်း တပ်(TNLA)နဲ့ ကိုးကန့်တပ် (MNDAA)တို့ ကတော့ စစ်ကော်မရှင်နဲ့ အပစ်ရပ်ထားကြပါတယ်။ အဲဒီလိုရှမ်းမြောက် မှာ အပစ်ရပ်နေတာကြောင့် စစ်ကော်မရှင်အနေနဲ့ ရခိုင်ပြည်အတွင်း လေကြောင်းအားကိုးကာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်၊ ဖိအားပေးမှုတွေ ဆက်ရှိလာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

ရခိုင်မှာ တကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၅ နိုဝင်ဘာ ၂၃ ရက် ထိ နှစ်နှစ်တာကာလအတွင်း စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရယ်ကြောင့် ၁၀၀၅ ဦး သေဆုံး ပြီး ၂၁၃၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။