ရေကြည်က စစ်ရှောင်တွေကို မဲထည့်ဖို့ ဧရာ၀တီဝန်ကြီးချုပ် ဖိအားပေးစေခိုင်း

မဲဆို တာ ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း ထည့်ရမယ်၊ မထည့်လို့မရဘူး၊ ထည့်ကို ထည့်ရမယ်။ ဖြစ်အောင်ထည့်ကြပေ့ါ အဲဒီလို ပြောခဲ့တယ်ပြောပါတယ်။

၁၀၊ ဒီဇင်ဘာ။

ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ ရေကြည်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေကို ဆန်၊ ဆီ၊ ဆား စတဲ့ ရိက္ခာတွေ ထောက်ပံ့ပေးပြီးနောက် မဲစာရင်းသွားကြည့်ကြဖို့နဲ့ လာမယ့်ရွေး ကောက်ပွဲမှာ မဖြစ်မနေမဲပေးကြဖို့ ဖိအားပေးပြောဆိုခဲ့ပါတယ်။

“လတိုင်း အထောက်အပံ့တွေ ပေးမယ်ပေ့ါ၊ ပုံမှန်လည်း ပေးနေတယ်လို့ ပြောတယ်၊ ပြီးရင် မဲထည့်ခိုင်းတာ။ မဲဆို တာ ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း ထည့်ရမယ်၊ မထည့်လို့မရဘူး၊ ထည့်ကို ထည့်ရမယ်။ ဖြစ်အောင်ထည့်ကြပေ့ါ အဲဒီလို ပြောခဲ့တယ်ပြောပါတယ်။ စစ်ရှောင်တွေကို လတိုင်းပေးနေတာလည်း မဟုတ်ပါဘူး” လို့ ရေကြည်ဒေသခံအမျိုး သားတဦးက ပြောပါတယ်။

ဦးတင်မောင်ဝင်းဟာ  ဒီဇင်ဘာလ ၈ ရက်နေ့မှာ ရေကြည်မြို့နယ် ကုန်းပြင်ကျေးရွာအခြေခံပညာအထက်တန်း ကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်တွေ့ပြီး အဲဒီလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာထားတဲ့ စစ်ကော်မရှင်ဟာ လက်ရှိမှာ ဒုတိယအကြိမ် မဲစာရင်း ကို ကပ်ထားပြီး လာမယ့်ရက်ပိုင်းအတွင်း တတိယအကြိမ်မဲစာရင်း ထပ်မံကြေငြာသွားမယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပြည်သူတွေဟာ စိတ်ပါဝင်စားမှု အလွန်နည်းပြီး မဲစာရင်း နှစ်ကြိမ်ထိ ကပ်ထား ပြီးတဲ့တိုင် လာရောက်ကြည့်ရှု၊ အမှားပြင်၊ ဖြည့်စွက်သူတွေဟာ မရှိသလောက်နည်းနေတယ်လို့ ရေကြည်မြို့နယ်မှ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

အဲဒီလို ရွေးကောက်ပွဲအပေါ် ပြည်သူစိတ်ပါဝင်စားမှု နည်းနေချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ် စားပြုကာ ရေကြည်မြို့နယ်ကနေ ဝင်ပြိုင်မယ့် ဦးတင်မောင်ဝင်းဟာ ရေကြည်မြို့နယ်အတွင်းက စစ်ဘေးရှောင် တွေကို အဲဒီလိုမျိုး မဖြစ်မနေ မဲပေးဖို့ ဖိအားပေးပြောဆိုလာတာဖြစ်ပါတယ်။

တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း သူရဲ့မဲဆန္ဒနယ်မြေ ရေကြည်မြို့ နယ်ကို ကွင်းဆင်းသွားရောက်ပြီး မဲစာရင်းသွားကြည့်ကြဖို့ အိမ်တိုင်ရာရောက် ပြောကြားတာတွေ လုပ်ခဲ့ပါသေးတယ်။

ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း လေးမျက်နှာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေ နဲ့ တွေ့ဆုံပြီး မဖြစ်မနေမဲပေးဖို့ ဖိအားပေးပြောဆိုခဲ့ပါတယ်။ စစ်ကော်မရှင်ဟာ ဧရာ၀တီတိုင်းအတွင်းရှိ စစ်ဘေး ရှောင်တွေကို အမျိုးသားသဘာ၀ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထဲကနေ တလမှာ လူတဦးကို ကျပ်နှစ်သောင်းနှုန်းနဲ့ ထောက်ပံ့ပေးနေတယ်လို့လည်း ဦးတင်မောင်ဝင်းက ပြောဆိုထားပါတယ်။

ဒါပမေယ့် လက်တွေ့မှာတော့ ပုံမှန်ပေးတာမျိုးမရှိဘဲ တခါတရံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဖြတ် စားတာတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။

 

“ပုံမှန်မရကြပါဘူး၊ ကျနော်တို့အမြဲတမ်းတွေ့နေရတယ် စစ်ရှောင်တွေအခြေအနေကို။ သူတို့မှာ ငတ်တဲ့သူငတ်နဲ့ အမျိုးမရှိတဲ့သူတွေဆိုရင် ပိုခက်ခဲတယ်။ သူတို့က တောတောင်တွေကို မှီခို ပြီးလုပ်စားလာခဲ့တဲ့သူတွေလေ။ ဒီ ဘက်မှာကျ လုပ်ကိုင်စားသောက်ဖို့လည်း သိပ်မတတ်ကြဘူး” လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေ ရှိနေတဲ့ လေးမျက် နှာမြို့နယ် အိုင်သဗြုမှ ဒေသခံတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ ရွှေသောင်ယံ၊ သာပေါင်းမြို့နယ်တို့အတွင်း အာရက္ခတပ်တော်(AA) ပူး ပေါင်းတပ်ဖွဲ့နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ဘေးရှောင် သောင်းဂဏန်းရှိနေကာ အခုဆောင်းတွင်းကာလ ရောက်လာပြီဖို့ စားနပ်ရိက္ခာအပြင် အနွေးထည်၊ စောင်တွေလည်း အရေးပေါ်လိုအပ်

နေတယ်လို့ ပြောကြပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခု ဒီဇင်ဘာလအတွင်းမှာ ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဂွမြို့နယ် ကို အလုံးစုံ သိမ်းပိုက်ခဲ့ပြီး နောက်ရိုးမအရှေ့ဘက်ခြမ်း ဧရာ၀တီတိုင်းအတွင်းက စစ်တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာပါ။

အဲဒီလို ဧရာ၀တီတိုင်းအပါအဝင် နိုင်ငံအဝှမ်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နယ်မြေတွေများစွာ လက်လွှတ်ထားရတဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ လုံးပန်းနေတာဖြစ်ပြီး လက်တွေ့မှာတော့ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားသူ နည်းပါးနေတာဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“စစ်ရှောင်တွေက ရွေးကောက်ပွဲကို စိတ်စားဖို့မပြောနဲ့၊ ကိုယ့်ဟာနဲ့ကိုယ်တောင် စားဝတ်နေရေး အဆင်မပြေလို့ ဒုက္ခရောက်နေကြတာ။ အတင်းမဖြစ်မနေ မဲပေးခိုင်းလည်း အကုန်လုံးကတော့ ပေးကြမှာမဟုတ်ဘူး” လို့ ရခိုင် ပြည်နယ် ဂွမြို့နယ်ကနေ ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ်မှာ စစ်ရှောင်နေသူတဦးက ပြောပါတယ်။