
“ပြည်သူတွေ လုံခြုံရေးက အရေးကြီးတယ်။ သေနတ်ထောက်ပြီး မဲပေးခိုင်းတာ၊ ဓာတ်ပုံရိုက်ဖို့ လူစုတာတွေဖြစ်နိုင်တယ်။ ကျွန်တော်တို့ကတော့ ပြည်သူတွေ အန္တရာယ်ကင်းဖို့ လုံခြုံဖို့က အရေးကြီးဆုံးပဲ။ ကိုယ့်ကို အန္တရာယ်ဖြစ်မယ့် ကိစ္စတွေ ထိခိုက်မှာတွေကို ဉာဏ်ကို ဉာဏ်နဲ့ယှဉ်ပြီး ဆုံးဖြတ်ကြစေချင်တယ်။”
၁၀၊ ဒီဇင်ဘာလ။
စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အဖွဲ့တခုကနေ ပြုလုပ်တဲ့ စစ်ကောင်စီက ပြုလုပ်တဲ့ရွေးကောက်ပွဲကို ပြည်သူလူထုကဆန့်ကျင်ကြောင်း One Click အွန်လိုင်းကမ်ပိန်းဟာ ၆ ရက်အတွင်းမှာ Click ပေါင်း ၁ ဒဿမ ၅ သန်းကျော်ရရှိခဲ့ပါတယ်။
ဒီကမ်ပိန်းကို ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဦးဆောင်သူတွေက ဒီကနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကမ်ပိန်းထောက်ခံသူပေါင်း ၁ သန်းခွဲ ရရှိဖို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ဒီကမ်ပိန်းကနေ ရရှိလာတဲ့ လူထုသဘောထားကို ရက်ပိုင်းအတွင်း နိုင်ငံတကာ သံရုံးတွေ၊ မီဒီယာတွေဆီကို ပေးပို့သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“ စစ်တပ်ရွေးကောက်ပွဲ အတုအယောင် ရွေးကောက်ပွဲကို လက်မခံတဲ့သူတွေအများကြီးရှိတယ် ဒါကို ကမ္ဘာသိအောင် ကျွန်တော်တို့ ပြဖို့လိုတယ် ဒါကြောင့် ဒီကမ်ပိန်းကို ကျွန်တော်တို့ လုပ်တာဖြစ်ပါတယ် ” လို့ ဆိုပါတယ်။
စစ်ရာဇဝတ်ကောင်တွေ စီစဉ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြလို့ ခေါင်းစီးစာသားရေးထားတဲ့ ဒီကမ်ပိန်းစာမျက်နှာပေါ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် ပါဝင်ကြသူတွေရဲ့ သဘောထား မှတ်ချက်တွေ၊ ရွေးကောက်ပွဲ မသမာမှုလုပ်ရပ်ဆိုင်ရာ သတင်းတွေ၊ နိုင်ငံတကာရဲ့ မှတ်ချက်တွေကိုပါ တွေ့မြင်နိုင်ပါတယ်။
ဒီကမ်ပိန်းကို စတင်ခဲ့စဉ်က ပါဝင်သူ သိန်းဂဏာန်းဝန်းကျင်လောက်ရဖို့သာ မျှော်လင့်ခဲ့ပေမယ့် ရွေးကောက်ပွဲကို ဆန့်ကျင် မယုံကြည်ကြတဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အရှိန်နဲ့တက်လာခဲ့တာကြောင့် ၆ ရက်အတွင်းမှာ ၁ ဒဿမ ၅ သန်း ရရှိနိုင်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်တယ်လို့ ဦးဆောင်သူ တဦးက ရှင်းပြပါတယ်။
ပြည်တွင်းမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခြင်း၊ မပေးခြင်းနဲ့ ပတ်သက်ပြီး “ ပြည်သူတွေ လုံခြုံရေးက အရေးကြီးတယ်။ သေနတ်ထောက်ပြီး မဲပေးခိုင်းတာ၊ ဓာတ်ပုံရိုက်ဖို့ လူစုတာတွေဖြစ်နိုင်တယ်။ ကျွန်တော်တို့ကတော့ ပြည်သူတွေ အန္တရာယ်ကင်းဖို့ လုံခြုံဖို့က အရေးကြီးဆုံးပဲ။ ကိုယ့်ကို အန္တရာယ်ဖြစ်မယ့် ကိစ္စတွေ ထိခိုက်မှာတွေကို ဉာဏ်ကို ဉာဏ်နဲ့ယှဉ်ပြီး ဆုံးဖြတ်ကြစေချင်တယ်။ တကယ်တော့ ဒီရွေးကောက်ပွဲမှာ မဲပေးခြင်း မပေးခြင်းက စစ်ကောင်စီအတွက် အရေးမကြီးပါဘူး။ သူတို့လိုချင်တဲ့ မဲအရေအတွက်ရဖို့ သူတို့မှာ ပြင်ဆင်ထားပြီးသားဖြစ်မှာပါပဲ။ ဒါကြောင့် ကိုယ့်လုံခြုံရေးထက် ဘာကမှ အရေးမကြီးဆိုတာကို ပြောချင်ပါတယ် ” လို့ သူက ဆိုပါတယ်။
ဒီကမ်ပိန်းကို One Click ကမ်ပိန်းလို့ အလွယ်တကူခေါ်ဆိုကြပြီး ဒီကမ်ပိန်းမှာ ပါဝင်ဖို့ “ ဒီမှာကလစ်နှိပ်ပြီး ပူးပေါင်း ပါဝင်ပါ” ဆိုတဲ့နေရာကို တချက်နှိပ်လိုက်ပြီး ပါဝင်ရတာ ဖြစ်တာကြောင့် ပါဝင်သူတွေအတွက်လည်း လုံခြုံသလို ဒဗွိုက်တခုကနေ တခါပဲပါဝင်လို့ရတာကြောင့် Click အရေအတွက်ဟာလည်း ပါဝင်ကြသူအရေအတွက်နဲ့ ကွာဟချက် ကြီးကြီးမားမား မရှိဘူးလို့ ဆိုပါတယ်။