တရုတ်နဲ့ ရုရှားလေယာဉ်တွေ ဂျပန်လေပိုင်နက်အနီး လေကြောင်းကင်းလှည့်

ရုရှားနဲ့ တရုတ်တို့ရဲ့ ပူးတွဲစစ်ဆင်ရေးတွေဟာ ဂျပန်နိုင်ငံကို အင်အားပြလိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ ထင်ရှားနေပြီး အဆိုပါ လုပ်ရပ်ဟာ အမျိုးသားလုံခြုံရေးအတွက် အလေးအနက်ထား စိုးရိမ်စရာ ကိစ္စရပ်ဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

၁၀၊ ဒီဇင်ဘာ။

တိုကျိုနဲ့ ဘေကျင်းအကြား တင်းမာမှုတွေ မြင့်တက်နေချိန် ဂျပန်နိုင်ငံလေပိုင်နက်နဲ့ အနီးဝန်းကျင်မှာ ရုရှားနဲ့ တရုတ်လေတပ်ဟာ ပူးတွဲကင်းလှည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခြေအနေကို စောင့်ကြည့်ဖို့ ဂျပန်နိုင်ငံက တိုက်လေယာဉ်တွေကို အရေးပေါ် စေလွှတ်ခဲ့ရတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ ရုရှား Tu-95 ဗုံးကြဲလေယာဉ် နှစ်စင်းဟာ ဂျပန်ပင်လယ်ကနေ အရှေ့တရုတ်ပင်လယ်ဆီ ပျံသန်းခဲ့ပါတယ်။ အဲဒီနောက် တရုတ် H-6 ဗုံးကြဲလေယာဉ် နှစ်စင်းနဲ့ ပေါင်းဆုံခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း ခရီးရှည် ပူးတွဲပျံသန်းမှုတခုကို ပြုလုပ်ခဲ့ကြတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

လေယာဉ်တွေဟာ ဂျပန်နိုင်ငံရဲ့ အိုကီနာဝါကျွန်းနဲ့ မီယာကိုကျွန်းအကြား အသွားအပြန်ပျံသန်းခဲ့ပြီး တရုတ် J-16 တိုက်လေယာဉ် ၄ စင်းက ဗုံးကြဲလေယာဉ်တွေနဲ့အတူ ပူးပေါင်းလိုက်ပါခဲ့တယ်လို့လည်း စိရပါတယ်။

အဆိုပါ ကျွန်းနှစ်ကျွန်းကြားရှိ မီယာကို ရေလက်ကြားဟာ နိုင်ငံတကာ ရေပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ နေရာဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်တို့ရဲ့ ပူးတွဲစစ်ဆင်ရေးတွေဟာ ဂျပန်နိုင်ငံကို အင်အားပြလိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ ထင်ရှားနေပြီး အဆိုပါ လုပ်ရပ်ဟာ အမျိုးသားလုံခြုံရေးအတွက် အလေးအနက်ထား စိုးရိမ်စရာ ကိစ္စရပ်ဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဂျပန်တိုက်လေယာဉ်တွေအနေနဲ့လည်း လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှု အစီအမံတွေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့လည်း ကိုအိဇုမိက ဆိုပါတယ်။

ဂျပန်နိုင်ငံအနီး ရုရှား-တရုတ် ဝေဟင်ပူးတွဲပျံသန်းမှုဟာ ရှစ်နာရီကြာမြင့်ခဲ့ကြောင်း မော်စကို ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရုရှားလေယာဉ် ခုနစ်စင်းနဲ့ တရုတ်လေယာဉ် နှစ်စင်းဟာ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း ဝင်ရောက်လာခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်ကလည်း အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူဆောင်ရွက်မှု တစုံတရာ ပြုလုပ်လာပါက ဂျပန်အနေနဲ့ စစ်ရေးအရတုံ့ပြန်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိက ပြီးခဲ့တဲ့လက မှတ်ချက်ပြုခဲ့ပြီးနောက် တရုတ်နဲ့ ဂျပန်အကြား သံတမန်ဆက်ဆံရေး တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

Ref – Reuters