ထိုင်းနဲ့ နယ်စပ်ရေးရာ တင်းမာမှုကြောင့် ဆီးဂိမ်းပြိုင်ပွဲက ကမ္ဘောဒီးယား နုတ်ထွက်

“ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချမှတ်ခဲ့တာ မဟုတ်ပါဘူး”လို့ ကမ္ဘောဒီးယား အမျိုးသားအိုလံပစ်ကော်မတီရဲ့ အထွေထွေအတွင်းရေးမှူးက ဆိုပါတယ်။

၁၀၊ ဒီဇင်ဘာ။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေ အရှိန်မြင့်တက်လာချိန် လက်ရှိ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲကနေ ကမ္ဘောဒီးယား နုတ်ထွက်လိုက်ပါတယ်။

ကမ္ဘောဒီးယား အမျိုးသားအိုလံပစ်ကော်မတီ (NOCC) က ဒီနေ့ ဒီဇင်ဘာ ၁၀ မနက်ပိုင်းမှာ သူတို့ရဲ့ အားကစားကိုယ်စားလှယ်အဖွဲ့ တခုလုံးကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာလိုက်တာပါ။

ဆီးဂိမ်းအဖွဲ့ချုပ်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Chaiyapak Siriwat ဆီ လိပ်မူပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး H.E. Vath Chamroeun က နုတ်ထွက်ရတဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့

“ကျွန်တော်တို့ အားကစားသမားတွေရဲ့ မိသားစုဝင်တွေက သူတို့ရဲ့ သွေးသားရင်းချာတွေကို အိမ်ပြန်ခေါ်ယူလိုတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ပြင်းပြင်းထန်ထန် တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဒါကြောင့် NOCC အနေနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံးကို ပြိုင်ပွဲကနေ ရုပ်သိမ်းပြီး ဘေးကင်းလုံခြုံရေးအတွက် ကမ္ဘောဒီးယားနိုင်ငံဆီ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးသွားရတော့မှာ ဖြစ်ကြောင်း ဝမ်းနည်းစွာနဲ့ အသိပေး အကြောင်းကြားအပ်ပါတယ်”လို့  ပြောထားပါတယ်။

“ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချမှတ်ခဲ့တာ မဟုတ်ပါဘူး”လို့ ကမ္ဘောဒီးယား အမျိုးသားအိုလံပစ်ကော်မတီရဲ့ အထွေထွေအတွင်းရေးမှူးက ဆိုပါတယ်။

“အခုလို စောစောစီးစီး ထွက်ခွာခဲ့ရလို့ ဖြစ်ပေါ်လာနိုင်တဲ့ အဆင်မပြေမှုတွေအတွက် အနူးအညွတ် တောင်းပန်အပ်ကြောင်းနဲ့ နားလည်ပေးမှုနဲ့ ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ထိုင်းနိုင်ငံဘက်က ကမ္ဘောဒီးယားနိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပြီးနောက် အငြင်းပွားဖွယ် နယ်စပ်ဒေသမှာ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်နေပြီး နှစ်နိုင်ငံစလုံးကတော့ တဘက်နဲ့တဘက် အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ကနဦး ကမ္ဘောဒီးယား အရပ်သား ခြောက်ဦးနဲ့ ထိုင်းစစ်သည် တဦး သေဆုံးခဲ့ရပြီး အင်္ဂါနေ့မှာ သေဆုံးသူအရေအတွက် ၁၀ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားက ဒေသခံအရပ်သား ၁၄၀,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၅ ခုနှစ် ဆီးဂိမ်းအားကစားပြိုင်ပွဲဟာ အင်္ဂါနေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

Ref – CNA