
“ သူတို့ပါတီကလူတွေတော့ သွားရင် သွားမှာပေါ့။ ကျွန်မတို့ကတော့ သွားဖို့မရှိပါဘူး။ Silent Strike မရှိလည်း မသွားပါဘူး။ Silent Strike ရှိနေတော့ ပိုမသွားဖြစ်တော့ဘူးပေါ့ ”
၉၊ ဒီဇင်ဘာလ။
တော်လှန်ရေး အင်အားစုတွေက အသံတိတ်သပိတ်ပြုလုပ်ဖို့ တိုက်တွန်းထားတဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြည်သူ့ပါတီက ဟင်္သာတမြို့နယ်မှာ ပါတီ ဥက္ကဌ ဦးကိုကိုကြီးကိုယ်တိုင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲလုပ်ဖို့ ရှိနေပါတယ်။
“ ဒီနေ့မှာ (ဒီဇင်ဘာ ၁၀ ) ဟောပြောပွဲလုပ်ဖို့ စီစဉ်ထားတာ အရင်ကတည်းကပါ။ နေ့လည် ၁ နာရီမှာ စပါမယ် ” လို့ ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်သောင်း က ဆိုပါတယ်။
ဒါအပြင် အသံတိတ်သပိတ်နဲ့ တိုက်ဆိုင်နေတာအတွက်လည်း “ ကိုယ်အလုပ်ကိုလုပ်။ သူတို့အလုပ် သူတို့လုပ်ကြပါ ” လို့ ဖြည့်စွက်ပြောပါတယ်။
ဟင်္သာတ ဒေသခံအများစုကတော့ ပြည်သူ့ပါတီရဲ့ ဟောပြောပွဲကို စိတ်ဝင်စားခြင်း မရှိကြသလို အသံတိတ် သပိတ်အတွက် ကြိုတင်ပြင်ဆင်မှု တချို့ပြုလုပ်နေကြပြီဖြစ်တယ်လို့ ဟင်္သာတမြို့မှာနေထိုင်တဲ့ လူမှုကူညီရေး အသင်းတခုရဲ့ တည်ထောင်သူက DNA ကို ပြောပါတယ်။
သူက “ အခုက K3 တို့ လာပြီး ဟောပြောမှာဆိုတာကို လူတွေက သိပ်မသိကြပါဘူး။ Silent Strike ကိုတော့ သူတို့သိကြတယ်။ တချို့တွေ ကြိုပြင်နေတာတွေရှိတယ် ” လို့ ဆိုပါတယ်။
DNA ရဲ့ အမာခံ သတင်းရင်းမြစ်ဖြစ်တဲ့ တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူက တဆင့်သိရတဲ့ ဒေသခံတွေရဲ့ သဘောထားမှာလည်း ပြည်သူ့ပါတီက ဟောပြောပွဲကို နားထောင်ဖို့ထက် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ကို ပိုမိုစိတ်အားထက်သန်ကြပါတယ်။
“ သူတို့ပါတီကလူတွေတော့ သွားရင် သွားမှာပေါ့။ ကျွန်မတို့ကတော့ သွားဖို့မရှိပါဘူး။ Silent Strike မရှိလည်း မသွားပါဘူး။ Silent Strike ရှိနေတော့ ပိုမသွားဖြစ်တော့ဘူးပေါ့ ” လို့ ဟင်္သာတ မြို့ပေါ်မှာ နေထိုင်တဲ့ ဒေါ်သူဇာက ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေက အသံတိတ်သပိတ်ပြုလုပ် ပါဝင်ဖို့ စီစဉ်ခဲ့ကြတာဖြစ်သလို ပြည်သူ့ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရစဉ်က ဦးကိုကိုကြီး ဦးဆောင်တဲ့ 10D လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျောင်းသားတွေက ဆန္ဒထုတ်ဖော်ခဲ့ပြီး အဲ့ဒီ လှုပ်ရှားမှုကို 10 D ကျောင်းသားလှုပ်ရှားမှု လို့ ခေါ်ပါတယ်။