
“ပိုက်ဆံလည်းပေးရသေးတယ်၊ သူတို့ကို ကြောက်လည်း ကြောက်နေရတယ်၊ စစ်မှုထမ်းကြေးက ယောကျာ်းသား ရှိရင် တယောက်ကို တသိန်းသုံးသောင်းစီ ပေးရတယ်၊ အဲဒါကို ရာအိမ်မှူးတွေက ကောက်တာမဟုတ်၊ စစ်သား တွေကိုယ်တိုင် သေနတ်တွေနဲ့ လာကောက်တာ၊ မထည့်ဘဲ မနေရဲဘူး၊ ဖြစ်သလို ရှာထည့်ကြရတယ်”
၉၊ ဒီဇင်ဘာ။
ဧရာ၀တီတိုင်းအတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့စစ်တွေဟာ ရွာအဝင်အထွက်တွေကို စစ်ဆေး၊ ကန့်သတ်နေပြီး ညဘက်အပြင်ထွက်ရင်၊ ရွာပြန်နောက်ကျရင် ပိုက်ဆံတောင်းခံနေကြပါတယ်။
“ပြည်သူတွေက ဒုက္ခရောက်တာပေ့ါ၊ သူတို့က လူအဝင်အထွက်ကို စစ်တယ်။ ညဘက်တွေဆိုရင် သိပ်မထွက်ရ ဘူး။ အရေးကိစ္စနဲ့ ထွက်ရင် ပိုက်ဆံ တောင်းတယ်၊ လူသစ်ရောက်ရင်လည်း ပိုက်ဆံတောင်းတယ်။ တော်တော်ကြီး တဲ့ဒုက္ခပါ၊ သိပ်အာဏာပြကြတယ်၊ ရာအိမ်မှူးတွေရော အတူတူပဲ” လို့ ဖျာပုံမြို့နယ် အမာကျေးရွာက အမျိုးသမီးတဦးက ပြောပါတယ်။
အလားတူပဲ မော်လမြိုင်ကျွန်း၊ ရေကြည်မြို့နယ်တွေ အတွင်းက ကျေးရွာတွေမှာလည်း အဲဒီလိုမျိုး အဝင်အထွက်တွေကို စစ်ဆေး၊ ကန့်သတ်ပြီး ငွေတောင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“အရေးအကြောင်း ဆေးရုံ၊ ဆေး ခန်းသွားရင်တောင် ညဘက်ဆိုရင် ရစ်တယ်” လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ဧရာ၀တီတိုင်းအတွင်းက ကျေးရွာတွေမှာ ပြည်သူ့စစ်တွေဖွဲ့ထားပြီး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နဲ့ အဲဒီပြည်သူစစ်တွေဟာ ကျေးရွာအတွင်း ဗိုလ်ကျနေကြတာဖြစ်ပြီး အရေးယူဖို့လိုအပ်တယ်လို့ ဒေသခံတွေက ထောက်ပြပြောဆိုကြပါတယ်။
အဲဒီလိုလူအဝင်အထွက်တွေကို စစ်ဆေး၊ ငွေတောင်းနေသလို စစ်မှုထမ်းကြေးအနေနဲ့လည်း လစဉ် သိန်းဂဏန်း ပေးနေကြရတာကြောင့် ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြတဲ့ ဧရာ၀တီတိုင်းအတွင်းမှ ပြည်သူ တွေမှာ အခက်အခဲများစွာနဲ့ ကြုံနေကြရတာပါ။
“ပိုက်ဆံလည်းပေးရသေးတယ်၊ သူတို့ကို ကြောက်လည်း ကြောက်နေရတယ်၊ စစ်မှုထမ်းကြေးက ယောကျာ်းသား ရှိရင် တယောက်ကို တသိန်းသုံးသောင်းစီ ပေးရတယ်၊ အဲဒါကို ရာအိမ်မှူးတွေက ကောက်တာမဟုတ်၊ စစ်သား တွေကိုယ်တိုင် သေနတ်တွေနဲ့ လာကောက်တာ၊ မထည့်ဘဲ မနေရဲဘူး၊ ဖြစ်သလို ရှာထည့်ကြရတယ်” လို့ ဖျာပုံမြို့ နယ်မှ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
နိုင်ငံအဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး နယ်မြေ၊ စစ်သားအင်အားများစွာ ဆုံးရှုံးထားရတဲ့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုး သားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ်လို့ပါရှိတဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။
အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်း ကျောင်းသားအရွယ် ဆယ်ကျော်သက်လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့နေခဲ့ပြီး အခုအခါ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၁၉ ထိ ရှိခဲ့ပြီဖြစ်ပါတယ်။