ဂျပန်မှာ အင်အားပြင်းငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရ

ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းရှိ မီဆာဝါမြို့အနီး ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၆ အဆင့်ရှိ အဆိုပါငလျင်ကြောင့် ဒေသခံတွေဟာ နေအိမ်တွေဆီကနေ စွန့်ခွာထွက်ပြေးခဲ့ရပြီး လူပေါင်းထောင်ချီ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။

၉၊ ဒီဇင်ဘာ။

ဂျပန်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းမှာ ဒီဇင်ဘာ ၈ ရက်နေ့ သန်းခေါင်ယံအချိန်က အင်အားပြင်းငလျင်ကြီးတခု လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီလှိုင်းတွေ ကမ်းခြေဆီ ရိုက်ခတ်လာခဲ့တယ်လို့ နိုင်ငံရဲ့ မိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။

ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြအချက်အရ လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး အဆိုပါငလျင် ဟာ ဒေသစံတော်ချိန် ည ၁၁နာရီ ၁၅မိနစ်မှာ ၂ နာရီ ၁၅ မိနစ်မှာ လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းရှိ မီဆာဝါမြို့အနီး ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၆ အဆင့်ရှိ အဆိုပါငလျင်ကြောင့် ဒေသခံတွေဟာ နေအိမ်တွေဆီကနေ စွန့်ခွာထွက်ပြေးခဲ့ရပြီး လူပေါင်းထောင်ချီ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ဆူနာမီသတိ ပေးချက် ထုတ်ပြန်ခဲ့ပြီး မီဆာဝါမြို့ တည်ရှိရာ မြောက်ပိုင်းဒေသ အောမိုရီရှိ ဆိပ်ကမ်းဆီ ဆူနာမီလှိုင်းတခု ဝင်ရောက်ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အမြင့် ၇၀ စင်တီမီတာအထိရှိတဲ့ နောက်ထပ်လှိုင်းတွေဟာ ကမ်းရိုးတန်းဆီ ရောက်ရှိခဲ့တယ်လို့ JMA က ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲငလျင် လှုပ်ခတ်နိုင်ခြေနဲ့ အလွန်ကြီးမားပြင်းထန်တဲ့ ငလျင်ကြီး ဖြစ်လာနိုင်ခြေ မြင့်တက်လာမှုအပေါ် အာဏာပိုင် တွေက သတိပေးထားပါတယ်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) က အဆိုပါငလျင်ဟာ မြေအောက်အနက် ၄၄ ကီလိုမီ တာမှာဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ မှတ်တမ်း တင်ထားပါတယ်။

အောမိုရီပြည်နယ်ရဲ့ တောင်ဘက်ကပ်လျက်မှာရှိတဲ့ အီဝါတေးပြည်နယ်၊ ကူဂျီဆိပ်ကမ်းမှာ အမြင့် ၇၀ စင်တီမီတာရှိ ဆူနာမီလှိုင်းကို တိုင်းတာရရှိခဲ့ပြီး ဒေသတွင်းရှိ တခြားကမ်းရိုးတန်းတွေဆီ ၅၀ စင်တီမီတာအထိမြင့်တဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့တယ်လို့ JMA က ပြောပါတယ်။

Kyodo သတင်းဌာနအဆိုအရ ဒီနေ့ အင်္ဂါနေ့အစောပိုင်းမှာတော့ အေဂျင်စီက ဆူနာမီသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

JMA အနေနဲ့ ဂျပန်မြောက်ပိုင်းဒေသ တချို့နေရာတွေကို အဆင့်နိမ့် သတိပေးချက် နာရီအနည်းငယ် ကြာ ဆက်လက်ထားရှိခဲ့ပြီး နောက်ပိုင်းမှာ အဆိုပါ သတိပေးချက်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

“ဒီလောက် ပြင်းပြင်းထန်ထန် လှုပ်တာမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူးပါဘူး”လို့ အောမိုရီပြည်နယ်၊ ဟာချီနိုဟေးမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင် နိုဘူအို ယာမာဒါက နိုင်ငံပိုင်ရုပ်သံ NHK ကို ပြောကြားခဲ့ပြီး “ကံကောင်းစွာနဲ့” သူ့ရပ်ကွက်မှာ လျှပ်စစ်မီးတွေ ရရှိနေဆဲဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှု ရုပ်သံမှတ်တမ်းတွေမှာတော့ လမ်းမတွေပေါ်မှာ ကွဲကြေနေတဲ့မှန်ကွဲစတွေ ပြန့်ကျဲ နေတာကို တွေ့မြင်ရပါတယ်။

ဟာချီနိုဟေးမြို့ခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး မြို့တော်ခန်းမမှာ ခိုလှုံဖို့ သွားရောက်ခဲ့ကြတယ်လို့ NHK က ဖော်ပြထားပါတယ်။

အစိုးရရဲ့ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက သတိပေးချက်ကို မရုပ်သိမ်းမချင်း ဘေးကင်းတဲ့နေရာမှာနေထိုင်ဖို့ဒေသခံတွေကို တိုက်တွန်း ထားပါတယ်။

ငလျင်ကြောင့် ဂျပန်မြောက်ပိုင်းဒေသ ဖူကူရှီးမားနဲ့ အောမိုရီကြားရှိ ရှင်ကန်ဆန် ကျည်ဆန်ရထား ပြေးဆွဲမှုကို ဆိုင်းငံ့ခဲ့ရပြီး အင်္ဂါနေ့မနက်ပိုင်းမှာ ပြေးဆွဲမှုတချို့ကို ပြန်လည်စတင်နိုင်ဖွယ်ရှိတယ်လို့ ရထားတာဝန်ရှိသူတွေက အွန်လိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျပန်မြောက်ပိုင်းရှိ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံအနေနဲ့ တစ်စုံတရာ မူမမှန်တဲ့ အခြေအနေ သတင်း ပို့ချက်တွေ မရရှိသေးကြောင်း ကီဟာရာက ပြောကြားထားပြီး တခြား နျူကလီးယားစက်ရုံတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၉.၀ အဆင့် ရှိ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီဟာ လူပေါင်း ၁၈,၅၀၀ ကို သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးစေခဲ့ပြီး ဖူကူရှီးမား နျူကလီးယားစက်ရုံမှာ ဆိုးရွားလှတဲ့ ဓာတ်ပေါင်းဖို ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref – CNA