ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူအရပ်သားတွေဟာ PDF တွေဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေပုံဖော်ဝါဒဖြန့်နေ

ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူအရပ်သားတွေဟာ PDF တွေဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေပုံဖော်ဝါဒဖြန့်နေ

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၈ရက်။
(Fact-check _DNA/ The Red Flag)

အနှစ်ချုပ်

“NUGဆေးရုံနဲ့PDFလက်ဖက်ရည်ဆိုင်ကိုတည့်တည့်ကြီးဆော်သွားတယ်၊ လက်ရှိPDFဘတ်ဆုံး(၄၂)ဦးအထိရှိလာပါပြီ။PDFတိုတစ်ရှည်တစ်(၁၂၁)ပွဲ” (မူရင်းသတ်ပုံအတိုင်း) ဆိုတဲ့အကြောင်းရာဟာ လုပ်ကြံဖန်တီးရေးသားထားတဲ့​ ဝါဒဖြန့်သတင်းမှားတခုဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရဲ့ လူစည်ကားတဲ့ လက်ဖက်ရည်ဆိုင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၅ရက်မှာ စစ်တပ်ကနေ လေကြောင်းကတဆင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့ အရပ်သားပြည်သူတွေကို PDFတွေလို့ ရေးသားဖြန့်ဝေနေတဲ့သတင်းတွေ လူမှုမီဒီယာတွေမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီအကြောင်းရာကို စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေနဲ့ စစ်တပ်ထောက်ခံသူတွေကြားမှာ ရေးသားဖြန့်ဝေနေကြပြီး လူမှုမီဒီယာတွေမှာ မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ –
https://archive.ph/rQlRz
https://archive.ph/qKXXG
https://archive.ph/wip/Sw9kC
https://archive.ph/rJ52b

အဲ့ဒီအကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံဖန်တီးရေးသားထားတဲ့ အကြောင်းအရာဖြစ်တာကို တွေ့ရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက်

ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ဖီလစ်ပိုင်-မြန်မာ ဆီးဂိမ်းပြိုင်ပွဲ ပြသနေတဲ့အချိန်မှာ စစ်တပ်ကနေ လေကြောင်းကတဆင့် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒီဇင်ဘာ ၇ရက်အထိ နောက်ဆုံးရသတင်းအရ ၄နှစ်အရွယ်ကလေးငယ်တဦးနဲ့ ကျောင်းအုပ်ဆရာမတဦးအပါအဝင် အရပ်သား ၁၉ဦးသေဆုံးခဲ့တယ်လို့ DVB ကသတင်းဖော်ပြထားပါတယ်။
DVB သတင်းဌာနမှဖော်ပြထားတဲ့သတင်း>>> https://bit.ly/3Mmhojn

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မရကန်ကျေးရွာမှာရှိတဲ့ နေအိမ် (၁၉) လုံး၊ မော်တော်ကား တစီး၊ ထော်လာဂျီ တစီးနဲ့ မော်တော်ဆိုင်ကယ် (၁၀) စီး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ MFP သတင်းဌာနက မနေ့က ဒီဇင်ဘာလ၊ ၇ရက် မှာ သတင်းရေးသားထားပါတယ်။

MFP သတင်းဌာနမှဖော်ပြထားတဲ့သတင်း>>> https://bit.ly/44dmIM4

စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်၊ ည(၈)နာရီဝန်းကျင်မှာပဲ လူစည်ကားတဲ့ မရကန်ကျေးရွာ လက်ဖက်ရည်ဆိုင်ကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီလိုတိုက်ခိုက်ပြီးပြီးချင်းမှာပဲ နေအိမ် သုံးလုံး လုံးဝပျက်ဆီးခဲ့ပြီး သေဆုံးသူတွေကို ယောက်ျား၊ မိန်းမ မသဲကွဲတဲ့အထိ ထိခိုက်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက သတင်းဖော်ပြပါတယ်။

ဧရာဝတီ သတင်းဌာနမှဖော်ပြထားတဲ့သတင်း>>> https://bit.ly/48H3PCy

သတင်းသုံးသပ်ချက်

မြန်မာအမျိုးသမီးဘောလုံးပွဲဖြစ်တာကြောင့် ဒေသခံတွေစုပေါင်းကြည့်ရှုနေတဲ့အချိန် လူစည်ကားနေတဲ့ လက်ဖက်ရည်ဆိုင်ကို ရည်ရွယ်ချက်ရှိရှိလေကြောင်းကတဆင့် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။

သေဆုံးသူတွေထဲမှာ ၄နှစ်အရွယ်ကလေးငယ်ကနေ အသက် ၇၀ ဝန်းကျင်အထိ ပါဝင်နေတာကြောင့် PDF တွေလို့ ရေးသားဖော်ပြနေတာက အရပ်သားတွေအပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက်ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဖြန့်ဝေနေကြတာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်တဲ့ သေဆုံးသူတွေက​ ဒီပဲယင်းPDF တွေဖြစ်တယ်ဆိုတာ ဟာ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေတဲ့ ဝါဒဖြန့်သတင်းမှားသာဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် လူမှုမီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

#DNAFactCheck #DNA #MFCN #FactCheck #ဒီပဲယင်း #လေကြောင်းတိုက်ခိုက် #အရပ်သားထိခိုက်သေဆုံး #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့်