ဧရာ၀တီထဲက ကျေးရွာအုပ်စုလေးခုမှာ ရွေးကောက်ပွဲမလုပ်နိုင်တော့ဘူးလို့ ကြေညာ

“မဲပုံးထောင်ဖို့ နေရာဘယ်လောက်ပဲ နည်းသွား၊ နည်းသွား၊ အနည်းဆုံး မြို့ပေါ်တခုမှာပဲ အခြေအနေပေးရင် တောင် မြို့ပေါ်မှာ မဲပုံးထောင်ပြီး လုပ်သွားမှာ။ ဖြစ်အောင်ကို လုပ်မှာ။ ပြည်သူတွေအကုန်လုံးက ဝိုင်းပြီး ဆန့်ကျင် ဖို့လိုတယ်”

၈၊ ဒီဇင်ဘာ။

ဧရာ၀တီတိုင်း ပုသိမ်မြို့နယ်နဲ့ သာပေါင်းမြို့နယ် အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျေးရွာအုပ်စုလေးခုမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေ မရှိတော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ ဘောမိကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာအုပ်စုနဲ့ သာပေါင်းမြို့နယ် သစ်ဖြူ ကျေးရွာအုပ်စု၊ ကျွန်းလျှာကြီးကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့ ကြေညာခဲ့တာပါ။

“ဒီဘက် ရွေသောင်ယံကနေ သာပေါင်းဘက် လမ်းတလျှောက် နေရာအများစုမှာ စစ်တပ်က မရှိတော့ဘူးလေ။ ဘယ်ကျင်းပလို့ရတော့မလဲ၊ အခုလည်း တိုက်ပွဲဖြစ်နေတာ၊ ဒီအတိုင်းဆို ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နေရာတွေ ထပ်တိုးလာအုံးမှာ။ စစ်တပ်က နေရာတွေ တဖြေးဖြေးလက်လွှတ်နေရတာလေ” လို့ ဒေသခံသတင်းရင်း မြစ်တဦးက ပြောပါတယ်။

ဘောမိနဲ့ မကျီးဇင်ကျေးရွာတို့ဟာ AA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဖြစ်ပြီး သစ်ဖြူ၊ ကျွန်းလျှာကြီးကျေးရွာအုပ်စုအတွင်းက နယ်မြေအားလုံးနီးပါးကိုလည်း ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားသလို  လက်ရှိမှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒီရက်ပိုင်း အတွင်းမှာ မကျီးဇင်ကျေးရွာ အနီးဝန်းကျင် သာပေါင်းမြို့နယ် သဲဖြူ၊ သာပေါင်းလေးကျေးရွာ အနီးတဝိုက် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးသူ ဆယ်ချီ ရှိနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တွေက ပြောထားကြပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲကို အသုတ်သုံးသုတ်ခွဲကျင်းပမယ်လို့ ကြေငြာထားပြီး ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့  ကြေညာခဲ့တဲ့ အထဲမှာပါတဲ့  ပုသိမ်မြို့နယ်ဟာ ပထမအသုတ်မှာ ပါဝင်ကာ သာပေါင်းမြို့ နယ်ကတော့ ဒုတိယအသုတ်ထဲ ပါဝင်ပါတယ်။

ဒါ့အပြင် တတိယအသုတ်ကျင်းပမယ့်မြို့နယ်တွေထဲ ပါဝင်တဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုပေါင်း နှစ်ဆယ်ကျော်ထိ ရှိနေပါတယ်။ “ငဝန်မြစ်အနောက်ဘက်တခြမ်းလုံးက ရွေး ကောက်ပွဲ မကျင်းပနိုင်ဘူးလေ၊ ဒါကတော့ အရင်ကတည်းက မကျင်းပဘူးလို့ ပြောထားတာပါ၊ အုပ်စုပေါင်း လေး ဆယ်ကျော်မှာ နှစ်ဆယ်ကျော်က မပါတာ” လို့ လေးမျက်နှာမြို့နယ်မှ ပြည်သူ့ပါတီဝင်တဦးက ပြောပါတယ်။

အရပ်သားအစိုးရလက်ထဲကနေ တိုင်းပြည်အာဏာတွေကို ငါးနှစ်နီးပါးထိ လုယူထားတဲ့ စစ်ကော်မရှင်ဟာ နိုင်ငံအ ဝှမ်း နယ်မြေဆုံးရှုံးလက်လွှတ်ရတာတွေ ဆက်တိုက်ရှိပေမယ့် ရွေးကောက်ပွဲကိုတော့ ဖြစ်အောင်ကျင်းပသွားနိုင် တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

“မဲပုံးထောင်ဖို့ နေရာဘယ်လောက်ပဲ နည်းသွား၊ နည်းသွား၊ အနည်းဆုံး မြို့ပေါ်တခုမှာပဲ အခြေအနေပေးရင် တောင် မြို့ပေါ်မှာ မဲပုံးထောင်ပြီး လုပ်သွားမှာ။ ဖြစ်အောင်ကို လုပ်မှာ။ ပြည်သူတွေအကုန်လုံးက ဝိုင်းပြီး ဆန့်ကျင် ဖို့လိုတယ်” လို့ ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက ပြောပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်း သာပေါင်း၊ ရွှေသောင်ယံ၊ လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့အတွင်းမှာ တိုက်ပွဲတွေဖြစ် ပွားနေတာဖြစ်ပြီး စစ်တပ်က နယ်မြေလက်လွှတ်ရတာတွေ ပိုများလာပြီး အရပ်သား လူနေကျေးရွာတွေကို ပစ်မှတ်ထားတာ တိုက်ခိုက်တာတွေလည်း ဆက်တိုက်ရှိနေပြီး အရပ်သား ထိခိုက်သေဆုံးမှု၊ လူနေအိမ်၊ ဘာသာရေး အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေ ပိုတိုးလာပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထဲကနေ တိုင်းပြည်အာဏာတွေကို လုယူသိမ်းထားတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ပထမအသုတ်ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း ကျင်းပမှာ ဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္သာတမြို့ နယ်တို့ ပါဝင်ပါတယ်။

ဒုတိယအသုတ်ကိုတော့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအ တွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်တာ တွေ့ရပါတယ်။

တတိယအသုတ်ကို မြို့နယ်ပေါင်း ၇၂ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေး မျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ကျင်းပမယ့်အချိန်ကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။

ကုလသမဂ္ဂ၊ ဥရောဂါသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဧရာ၀တီတိုင်း မြို့နယ်အချို့မှာ တအိမ်တက်တအိမ်ဆင်းစနစ်နဲ့ မဲစာ ရင်းလာစစ်၊ ပြင်ဆင်၊ ဖြည့်စွက်ခိုင်းတာတွေ လုပ်နေပေမယ့် ပြည်သူတွေကတော့ စိတ်ပါဝင်စားမှု အလွန်အားနည်း နေပြီး ပါတီဝင်တွေ၊ ဝန်ထမ်းတွေအချို့ကာ မဲစာရင်းသွားကြည့်ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ပြည်သူတွေကတော့ စိတ်ဝင်စားမှု လုံး၀မရှိဘူး၊ မဲတော့ ပေးကြပါ၊ ဘယ်ပါတီကိုပဲ ပေးပေး၊ ဖြစ်အောင် ပေးကြပါ ဆိုပြီး လိုက်ပြောနေရတာပေ့ါ” လို့ လေးမျက်နှာမြို့နယ်မှ ပြည်သူ့ပါတီဝင်က ပြောပါတယ်။