
ဆွေးနွေးပွဲကို အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ ပြုလုပ်မှာ ဖြစ်ပြီး ရုရှားရဲ့ တိုက်ခိုက်မှုတွေ နောက်ထပ် မရှိလာအောင် ခိုင်မာတဲ့ အာမခံချက်ပါမှ လက်မှတ်ထိုးမယ်ဆိုတဲ့ အချက်ကို ဆွေးနွေးဖို့ ဥရောပ ခေါင်းဆောင်ကြီးတွေ စုဝေးကြမှာပါ။
၈၊ ဒီဇင်ဘာ။
ယူကရိန်းကို အလျှော့ပေးပြီး စစ်ရပ်ဖို့ အမေရိကန်က ဖိအားပေးနေချိန် ယူကရိန်းသမ္မတ ဇလန်စကီးက သူ့ရဲ့ ဥရောပ မဟာမိတ်တွေနဲ့ လန်ဒန်မှာတွေ့ပြီး အဆိုပါ ဖိအားကို တုံ့ပြန်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဇလန်းစကီးဟာ ပြင်သစ်၊ ဂျာမနီက ခေါင်းဆောင်တွေအပြင် ဗြိတိန်ဝန်ကြီးချုပ် စတာမာတို့နဲ့ ဒီနေ့ တနင်္လာနေ့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ ပြုလုပ်မှာ ဖြစ်ပြီး ရုရှားရဲ့ တိုက်ခိုက်မှုတွေ နောက်ထပ် မရှိလာအောင် ခိုင်မာတဲ့ အာမခံချက်ပါမှ လက်မှတ်ထိုးမယ်ဆိုတဲ့ အချက်ကို ဆွေးနွေးဖို့ ဥရောပ ခေါင်းဆောင်ကြီးတွေ စုဝေးကြမှာပါ။
ဖလော်ရီဒါပြည်နယ်မှာ သုံးရက်ကြာ ဆွေးနွေးမှုတွေ အပြီး အခု အဆင့်မြင့်အစည်းအဝေး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဖလော်ရီဒါဆွေးနွေးပွဲမှာ ဇလန်စကီးရဲ့ အဓိက စေ့စပ်ညှိနှိုင်းရေးမှူးက ကရင်မလင်ရဲ့ အဓိက တောင်းဆိုချက်တွေကို လိုက်လျောထားတယ်လို့ အများက ရှုမြင်ထားကြတဲ့ အိမ်ဖြူတော်ရဲ့ အစီအစဉ်ကို ပြင်ဆင်ပြောင်းလဲပေးဖို့ တွန်းအားပေး တောင်းဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် အမေရိကန်နဲ့ ယူကရိန်းတို့က တိုးတက်မှုရှိတယ်လို့ ပြောဆိုထားပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇလန်စကီးအနေနဲ့ မူကြမ်းကို ဖတ်မကြည့်ရသေးဘူးလို့ ဝေဖန်ထားပါတယ်။
“လွန်ခဲ့တဲ့ နာရီပိုင်းလောက်အထိ သမ္မတ ဇလန်စကီးက အဆိုပြုချက်ကို မဖတ်ရသေးဘူးဆိုတဲ့အပေါ် ကျွန်တော် နည်းနည်း စိတ်ပျက်မိပါတယ်”လို့ ထရမ့်က သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောခဲ့တာပါ။
အဆိုပါမူကြမ်းဟာ ဇလန်စကီးရဲ့ စေ့စပ်ညှိနှိုင်းရေးမှူးသစ် ရပ်စတမ် အူမယ်ရော့ဗ်၊ ထရမ့်ရဲ့ လူရင်းတွေဖြစ်ကြတဲ့ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နဲ့ သမက်ဖြစ်သူ ဂျာရက် ကွတ်ရှနားတို့ ဦးဆောင်ပြီး ပြင်ဆင်မွမ်းမံထားတာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထရမ့်ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာချိန် ဇလန်စကီးကလည်း သူ့အနေနဲ့ ဆွေးနွေးညှိနှိုင်းမှု အခြေအနေတွေကို အူမယ်ရော့ဗ်ရဲ့ ရှင်းလင်းတင်ပြချက်ကို နားထောင်ရဦးမှာဖြစ်ပြီး လန်ဒန် ဒါမှမဟုတ် ဘရပ်ဆဲလ်မှာ တွေ့ဆုံဖို့ ဆန္ဒရှိနေတာပါ။ ဇလန်းစကီးက “ဖုန်းထဲကနေပြောတာထက် လူချင်းတွေ့ဆုံဆွေးနွေးမှသာ ရနိုင်မယ့် ကိစ္စရပ်တချို့ ရှိနေတယ်”လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။