
အိန္ဒိယမှာ ဆောက်လုပ်ရေး လုပ်ထုံးလုပ်နည်းတွေ ညံ့ဖျင်းတာ လူဦးရေထူထပ်တာနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်း လိုက်နာမှု အားနည်းတာကြောင့် မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွါးလေ့ရှိပါတယ်။
၇ ၊ ဒီဇင်ဘာလ
အနောက်အိန္ဒိယပြည်နယ် ဂိုအာ ရှိ နိုက်ကလပ်တစ်ခုမှာ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့တယ်လို့ ဝန်ကြီးချုပ် ပရာမို့ဒ် ဆာဝန့်က ဒီဇင်ဘာ ၇ ရက် အစောပိုင်းမှာ ပြောပါတယ်။
Press Trust of India (PTI) သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ မြောက်ဂိုအာခရိုင်၊ အာပိုရာရှိ ကလပ်တစ်ခုမှာ သန်းခေါင်ယံအချိန်က မီးစတင်လောင်ကျွမ်းခဲ့ရာ သေဆုံးသူတွေထဲမှာ ကမ္ဘလှည့်ခရီးသွားဧည့်သည်တွေလည်း ပါတယ်လို့ သိရပါတယ်။
“ဒီနေ့ဟာ ဂိုအာပြည်သူအားလုံးအတွက် အလွန်နာကျင်ရတဲ့နေ့ ဖြစ်ပါတယ်။ အာပိုရာမှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ မီးလောင်မှုဖြစ်စဉ်မှာ လူ ၂၃ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်” ဟု မစ္စတာ ဆာဝန့်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။“ကျွန်တော် ဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အမိန့်ပေးထားပါတယ်။ တာဝန်ရှိသူများကို ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမှာဖြစ်ပြီး ပေါ့ဆမှုမှန်သမျှကို ခိုင်မာစွာ ကိုင်တွယ်ဖြေရှင်းသွားမှာပါ” လို့ သူကဆက်ပြောပါတယ်။
လူသုံးဦးမှာ မီးလောင်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ကျန်သူတွေကတော့ အသက်ရှူကျပ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဒါဟာ ဘယ်တော့မှ မဖြစ်သင့်တဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခုပါပဲ။ လုပ်ငန်းကို သင့်လျော်တဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခဲ့တာကြောင့် ဒီပေါ့ဆမှုကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ” လို့ မစ္စတာ ဆာဝန့်က မှတ်ချက်ပြုခဲ့ပါတယ်။
အာရေဗျပင်လယ်ကမ်းခြေရှိ ပေါ်တူဂီကိုလိုနီဟောင်းဖြစ်တဲ့ ဂိုအာဒေသဟာ နိုက်ကလပ်တွေ သဲသောင်ပြင်တွေနဲ့ ပင်လယ်ကမ်းရိုးတန်းရဲ့ ပေါ့ပါးသည့် အငွေ့အသက်တွေကြောင့် နှစ်စဉ် ခရီးသွားဧည့်သည် သန်းပေါင်းများစွာကို ဆွဲဆောင်နေပါတယ်။
အိန္ဒိယမှာ ဆောက်လုပ်ရေး လုပ်ထုံးလုပ်နည်းတွေ ညံ့ဖျင်းတာ လူဦးရေထူထပ်တာနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်း လိုက်နာမှု အားနည်းတာကြောင့် မီးလောင်မှုတွေ မကြာခဏ ဖြစ်ပွါးလေ့ရှိပါတယ်။
Ref – the straits times