ရဲဘော်ကာချုပ် အတွက် တရားမျှတမှု ရရှိဖို့ စစ်သုံ့ပန်း ထိန်းသိမ်းရေးစခန်းဘက်ကလည်း တောင်းဆို

ရဲဘော်ကာချုပ် (ခ) တပ်စုမှူး တိုက်မောင်းကို တော်လှန်ရေး အနုပညာရှင်၊ ပြည်သူ့ဝန်ထမ်းကောင်း CDM ၊ တိုင်းပြည်နဲ့ လူထုအတွက် အသက်နဲ့ဘဝကို စွန့်လွှတ်သော ပြည်သူ့သူရဲကောင်း ရဲဘော်၊ ကောင်းမွန်သော ဂုဏ်ဝိသေသများဖြင့် ပြည့်စုံသော တော်လှန်ရေး အနုပညာရှင်လို့ ရည်ညွန်းထားပါတယ်။

၆၊ ဒီဇင်ဘာလ။

ရဲဘော် ကာချုပ် (ခ) တပ်စုမှူး တိုက်မောင်း နဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိရေး၊ ဂုဏ်ပြုမှတ်တမ်း တင်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ဖြေရှင်းသွားဖို့ အသင့်ရှိနေတယ်လို့ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ အထူးတိုင်း စစ်ဌာန၊ စစ်သုံ့ပန်း ထိန်းသိမ်းရေးစခန်း တာဝန်ခံနဲ့ ရဲဘော်တွေက ဒီဇင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အထူးတိုင်း စစ်ဌာန၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း တာဝန်ခံဖြစ်တဲ့ စောနေလ (ခ) သားနတ်ရှင်နောင် တာဝန်ခံ ထုတ်ပြန်ခဲ့တဲ့ ဒီသဘောထား ထုတ်ပြန်ချက်မှာ အချက် ၅ ချက်ပါဝင်ပါတယ်။

“သူက ကိုယ့်ရဲဘော် မဟုတ်တဲ့အခါမှာ ထုတ်ပြန်ချက်ထုတ်ရတာ အခက်အခဲရှိပါတယ်။ သို့သော်လည်း ကိုယ့်ရဲဘော် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူဟာတော်လှန်ရေး ရဲဘော်ဖြစ်တယ်။ ကျွန်တော်တို့ စခန်းမှာ  နေထိုင်သွားတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ တစုံတရာ သူ့ဘက်ကနေ ထုတ်ပြန်ပြီး လုပ်ဆောင်ပေးသင့်တယ် ဝန်းရံပေးသင့်တယ်လို့ ထင်တယ်။ ကျွန်တော် ကာချုပ်ပျောက်ကတည်းကကို သူ့အတွက် တရားမျှတမှု ရရှိရေးအတွက် ဘက်ပေါင်းစုံက လုပ်ခဲ့တာတွေ ရှိပါတယ် ” လို့ စစ်သုံ့ပန်း ထိန်းသိမ်းရေးစခန်း တာဝန်ခံ သားနတ်ရှင်နောင်က DNA ကိုပြောပါတယ်။

ရဲဘော်ကာချုပ် (ခ) တပ်စုမှူး တိုက်မောင်းဟာ မိခင်တပ်ရင်းကနေ အနားယူပြီးတဲ့နောက် စစ်သုံ့ပန်း ထိန်းသိမ်းရေးစခန်းမှာ လာရောက်နေထိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေကို နှစ်သိမ့်ဆွေးနွေးပေးသူ အဖြစ်လုပ်ကိုင်ခဲ့သလို စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ စိတ်အားထက်သန်သူတွေကို သင်တန်းပေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့က ဒီသုံ့ပန်းတွေကို ဒီတိုင်းလွှတ်တာ မဟုတ်ပဲ ဒီဘက်မှာလည်း ပြန်သုံးလို့ရအောင် အလှည့်ကျ လွှတ်မယ်ဆိုပြီး KNLA ကိုတောင်းဆိုတာ ပေါ့နော်။ တကယ်က ဒီကခေါ်သွားတဲ့ သုံ့ပန်းက သူ့တို့ဆီ အပြီးပဲ နေရတာ။ ဆိုတော့ သူတို့ဘက်က ဒီကစစ်သုံ့ပန်းတွေကို ဒီကနေ သင်တန်းပေးပေး သူတို့ဆီရောက်ရင် ယူနီဖောင်းဆင်ပေးမယ်။ နောက်တသုတ်လာရင် နောက်တသုတ်ပေါ့ ဒီလိုနဲ့ တိုက်ပွဲ အတွေ့အကြုံရှိမယ် သစ္စာရှိတဲ့ ရဲဘော်တွေ ဖြစ်လာမယ်ပေါ့။ ဒါပေမယ့် ဒါက ခုထိ မအောင်မြင်သေးပါဘူး ” လို့ စစ်သုံ့ပန်းတွေကို သင်တန်းပေးရတဲ့ အကြောင်းရင်းကို သားနတ်ရှင်နောင်က ရှင်းပြပါတယ်။

ဒါပေမယ့် ရဲဘော်ကာချုပ် အနေနဲ့ သဘောဆန္ဒအရ စစ်သုံ့ပန်း ထိန်းသိမ်းရေးစခန်းရဲ့ ရဲဘော်အဖြစ် တာဝန်ယူပြီး လုပ်ဆောင်တာမျိုး မဟုတ်တာကြောင့် စခန်းရဲ့ ရဲဘော်စာရင်းမှာ သူမရှိနေတဲ့အတွက် သူနဲ့ပတ်သက်တဲ့ တရားမျှတမှုကို ရှာဖွေတဲ့အခါ တချို့သော လုပ်ထုံးလုပ်နည်းတွေမှာ အခက်အခဲ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ရဲဘော်ကာချုပ်နဲ့ အဖွဲ့ဟာ KNU/KNLA ရဲ့ လက်အောက်က ဗိုလ်သာလော ဦးဆောင်တဲ့ တပ်ရင်းမှာ တပ်ကူဖြည့်ဖို့ သွားရောက်ရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ယခုဆိုရင် ပျောက်ဆုံးချိန် ၂ လ ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ဒါအပြင် စစ်ကူသွားရောက်ကြတဲ့ စစ်သုံ့ပန်းတွေ၊ ရဲဘော်တွေနဲ့ ပတ်သက်ပြီး “ အခု ကျွန်တော်တို့ လေးသုတ်မြောက်လွှတ်ပါတယ်။ ကျွန်တော်တို့ စစ်သုံ့ပန်းတွေ‌ရော ကျွန်တော်တို့ ရဲဘော်တွေရော ခုထက်ထိ ပြန်လည်မလာသေးပါဘူးဗျ ” လို့ စခန်းတာဝန်ခံက ပြောပါတယ်။

စစ်သုံ့ပန်း ထိန်းသိမ်းရေးစခန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရဲဘော်ကာချုပ် (ခ) တပ်စုမှူး တိုက်မောင်းကို တော်လှန်ရေး အနုပညာရှင်၊ ပြည်သူ့ဝန်ထမ်းကောင်း CDM ၊ တိုင်းပြည်နဲ့ လူထုအတွက် အသက်နဲ့ဘဝကို စွန့်လွှတ်သော ပြည်သူ့သူရဲကောင်း ရဲဘော်၊ ကောင်းမွန်သော ဂုဏ်ဝိသေသများဖြင့် ပြည့်စုံသော တော်လှန်ရေး အနုပညာရှင်လို့ ရည်ညွန်းထားပါတယ်။

ဒါကြောင့် သူပျောက်ဆုံးနေမှုနဲ့ ပတ်သက်လို့ တရားမျှတမှုရရှိဖို့၊ ကျဆုံးသွားခဲ့ပြီဆိုရင်လည်း ဂုဏ်ပြုမှတ်တမ်းတင်နိုင်ဖို့အတွက် တော်လှန်ရေး ရဲဘော်၊ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုက ပူးပေါင်း ပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့ KNU/KNLA အဖွဲ့အစည်းတွေက တစုံတရာ ထုတ်ပြန် ကြေညာတာမျိုး မရှိသလို DNA က စာပေးပို့ စုံစမ်းမေးမြန်းတာတွေ ပြုလုပ်ထားပေမယ့် ယခုအချိန်ထိ တစုံတရာ ထုတ်ပြန်ဖြေရှင်းတာမျိုးတော့ မရှိသေးပါဘူး။