အီးကောက်ပွဲ

(မှတ်ချက်- ရွံတတ်သူ ဖတ်ရန်မသင့်တော်ပါ)

ကျနော်တို့ ပြည်သာယာတိုင်းပြည်ရဲ့ ပြည်သူ့အီးပေအဖွဲ့ကနေပြီးတော့ မကြာခင် “အီးကောက်ပွဲကြီး” ကျင်းပတော့မယ်ဆိုတော့ ကြားရသူအပေါင်း အော့နှလုံးနာလွန်းလို့ နှာခေါင်းရှုံ့သူရှုံ့၊ အန်သူက အန်၊ အနံ့မခံနိုင်လို့ ပြေးသူက ပြေးနဲ့ အုပ်အော်သောင်းနင်းဖြစ်ကြပုံများ တွေးသာကြည့်တော့။

မဲလုံးက “အီးကောက်ပွဲကြီး” ကို ပြင်သစ်က ဈေးအကြီးဆုံးရေမွှေးဆွတ်ပြီး ဂုဏ်သတင်းမွှေးအောင်၊ သန့်ရှင်းအောင်လုပ်မယ်လို့ ကမ္ဘာကို ကြေညာတယ်။ ဒါကိုယုံပြီး အာတာပူစီအဖွဲ့က ဒီအီးကောက်ပွဲကို ထောက်ခံတယ်။ အီးတုံးအချင်းချင်း မင်းအီးရော ငါတို့အီးရော မနံပါဘူး…မွှေးမွှေးလေးပါဆိုပြီး ဖေးမတဲ့ သဘောလားတော့ မသိ။

ပြည်သူ့အီးပေတွေကလည်း “အီးကောက်ပွဲ” လုပ်မယ့် အိမ်သာမှာ ဝင်ပြီး အီးပါခွင့်ရရေး အလုအယက် ကြိုးစားကြတယ်။ အိမ်သာစောင့်တွေကလည်း အီးပါဖို့ အရည်အချင်းရှိ၊ မရှိကို အလွန်စိစစ်ကြတယ်။ ဘယ်လောက်ထိ စိစစ်သလဲဆိုရင် အကြွေးထူနေလို့ အီးပါခွင့် မပေးတဲ့အထိပဲ။

ဒါတောင် အိမ်သာတက်ခွင့်တောင်းတဲ့ အကုန်လုံးထဲက တယောက်ကိုပဲ အီးပါခွင့်ပေးမယ်ဆိုရင် အဲဒီလူက ကျမ ဖြစ်ချင်ပါတယ်လို့ အီးပါချင်လွန်းလို့ သွက်သွက်ခါနေတဲ့ သူမက အသနားခံသေးတာ။ အိမ်သာစောင့်တွေကလည်း နင့်ဘာသာနင် ပါချင်တဲ့နေရာ ပါ။ ပါချင်လွန်းလို့ ထွက်ကျလည်း ငါတို့နဲ့မဆိုင်။ ငါတို့ အီးကောက်ပွဲလုပ်မယ့် အိမ်သာထဲတော့ လာပါလို့မရဘူးဆိုပြီး နှစ်ကြိမ်တိုင်တိုင် အသည်းမာမာနဲ့ ငြင်းခဲ့တာ။

ဟို ကုလားထိုင်ကြိုက်ကောင်ကလည်း ထိုင်ရမယ်ဆိုရင် အိမ်သာကမုတ်ကိုတောင် မက်မောပြီးလောဘတက်နေတာက တမျိုး။ ဘာတဲ့။ “အန္တရာယ်များကြားကနေ အီးပါဖို့ ရိုးရိုးထိုင်ကနေ ဘိုထိုင်ပြောင်းဖို့ ကြိုးစားသူများကို မဖျက်ဆီးဖို့” သတိပေးတယ်တဲ့ဗျာ။ ကြားလို့မှ ကောင်းသေးလားဗျာ။ ဒီကုလားထိုင်ကြိုက်ကောင်ကတော့ ဘယ်လိုပဲဖြစ်နေပါစေ အိမ်သာထဲက ထိုင်ခုံလည်း လိုချင်လောဘတက်သူကိုးဗျ။ ဒီကုလားထိုင်ကောင်ကိုတော့ ပြည်သာယာသားတွေက အခုလို စကားလက်ဆောင်ပါးပါတယ်။ “မြောင်းထဲမှာပဲ အရိုးကိုက်ပြီး အီးကောက်ပွဲမှာ အရန်လူအဖြစ်နဲ့ ပျော်နေပါ”တဲ့။ နောက်ဆုံးမှာတော့ ဘယ်သူနိုင်နိုင်၊ မနိုင်နိုင် ငါနိုင်တယ်ဆိုတဲ့ ကလေးဗိုလ်ဂျပုနဲ့အဖွဲ့က အီးသရဖူကြီးသိမ်းပိုက်သွားရင်ကော ဗိုလ်ချုပ်လေသံဖမ်းပြီး ခင်ဗျားတို့ ကြပ်ကြပ်သတိထားနေလို့ ဟိန်းလားဟောက်လား လုပ်ရဲဦးမလားဆိုတာ အထူးပွဲစဉ်ကနေ မောင်ကောက်တေးလေး စောင့်ကြည့်နေကြောင်းပါဗျား။ အဟိ။

“လူရွေးမှားတဲ့ တိုင်းပြည်”ရောက် ပြည်သာယာတိုင်းသူပြည်သားတွေကိုပြန်လာပြီး အီးတုံးလာကောက်ကြဖို့ မဲလုံးက ဖိတ်ခေါ်တယ်။ သူကသာ ခေါ်နေပေမဲ့ ဟိုက ဘယ်သူမှ အီးတောင်လှည့်မပေါက်ကြပါဘူး။ ပေါက်စရာလားဗျာ။ မက်မောစရာ အီးတုံးကြီးကို လာကိုင်ရမယ့်ကိစ္စလေ။ လက်အပေခံ၊ အနံခံပြီး ပြန်လာကောက်စရာလား။ ဆုတောင်းလေ။

တဖန် ဘဝင်ဖြိုးတဲ့ ကြင်စိုးကနေပြီးတော့ အီးပါရင် ဖင်လုံအောင် ကာကွယ်တတ်သူတွေရဲ့ အီးတုံးကို ရွေးချယ်ကောက်ယူကြဖို့ တိုက်တွန်းပြန်တယ်။ ဘောင်းဘီဝတ်ရင်တော့ အီးပါရင် ဖင်လုံဖို့ဆိုတာ မဖြစ်နိုင်ဘူးလေနော့။ မခက်ပေဘူးလားဗျာ။

ပြည်သာယာတိုင်းသားတွေမှာတော့ အီးကောက်ပွဲ နီးလာတာနဲ့အမျှ ထူးဆန်းတဲ့ အရူးချီးပန်းစကားတွေ၊ ထူးဆန်းတဲ့ အဖြစ်အပျက်တွေအောက်မှာ အော့နှလုံးတနာနာနဲ့ တံတွေးတထွီထွီကိုဖြစ်လို့။

ထူးဆန်းတဲ့ အဖြစ်အပျက်ဆိုလို့ ပြောရဦးမယ်ဗျာ။ ဒီလိုဗျ။ အီးကောက်ပွဲမှာ ပါဝင်မယ့် အီးပေတွေရဲ့ ဓာတ်ပုံဗီနိုင်းတွေကို မြို့တော်နဲ့ တောရွာတွေရဲ့ လမ်းထိပ်တွေမှာ အီးဘုတ်တွေအဖြစ်လိုက်ထောင်ကြတယ်။ ပြည်သာယာသားတွေက လေတိုက်လို့ လဲကျသွားတဲ့ အီးဘုတ်ကိုကြည့်ပြီး ရယ်မိတာရယ်၊ ချောင်းဟန့်မိတာရယ်က အပြစ်ဖြစ်သတဲ့ဗျာ။ ဒါတွေကို ဥပဒေအရ အရေးယူမှာတဲ့ဗျို့။ ခင်ဗျားတို့လည်း အီးဘုတ်တွေနား ဝေးဝေးရှောင်ဗျို့။ ကိုယ့်လမ်းကိုယ် သွားတာတောင် မတော် ဆိုင်းဘုတ်နား ခြေစောင့်ပါတယ်ဆိုပြီး အမှုတပ်ခံရဦးမယ်ဗျို့။

ဒါနဲ့ ကျနော်တို့ ပြည်သာယာမှာ ကျင်းပမယ့် “အီးကောက်ပွဲ”က ဝမ်းပျက်ဝမ်းလျောဖြစ်နေလို့ သုံးကြိမ်ခွဲပြီး ပါကြမှာတဲ့ဗျား။ ဖင်မနိုင်ဘဲ ပဲကြီးဟင်း အစားများသွားလို့ ထင်ပါတယ်ဗျာ။

ဟိုနေ့က ပြည်သာယာတိုင်းပြည်၊ အေးမြချမ်းသာမြို့တော်ရဲ့ ပျော်ပျော်နေရပ်ကွက်ထဲက ကောင်လေးတယောက်ကို ခွေးတွေ ဝိုင်းဆွဲလို့တဲ့။ အဲ့ဒီကောင်လေးကို အီးကောက်ပွဲမှာ အီးထည့်ရမယ့် စာရင်း နံပါတ်မေးတယ်တဲ့။ ပြောရရင် ဘယ်သူမှ စိတ်မဝင်စားတဲ့ အီးကောက်ပွဲဖြစ်တော့ ဘယ်သူမှလည်း အီးထည့်ရမယ့်စာရင်း အဖတ်လုပ်ပြီး သွားမကြည့်ကြဘူးလေဗျာ။ အဲဒီတော့ ကောင်လေးက သူ့စာရင်းကို မပြောနိုင်ဘူးပေါ့။ မပြောနိုင်ရကောင်းလားဆိုပြီး ဟိုခွေးက ပါးသုံးချက်ရိုက်တယ်တဲ့။ ခွေးတွေ ဥပဒေမဲ့ အနိုင်ကျင့်ပုံများ ပြောပါတယ်။ ခံပြင်း ဒေါသထွက်စရာပေမဲ့ ခွေးခေတ်ဆိုတော့လည်း တိုင်းသူပြည်သားတွေခမြာ အံကြိတ်ခေါင်းငုံ့လိုက်ရတာပါပဲ။

အီးကောက်ပွဲဝင်မယ့် “မစင်ပါတီ”က အမတ်လောင်းတယောက်က အီးကောက်ပွဲကတိတွေ မတည်ရင် သူ့ကို လက်သီးနဲ့ လာထိုးလို့ရတယ်ဆိုလို့ ပြည်သာယာတိုင်းသူပြည်သားတွေ ရယ်ရတာ မျက်ရည်တွေရော ရှူးတွေပါ ထွက်ကျတယ်။ အဲ့လောက် တိုင်းသူပြည်သားတွေ အပေါ် စေတနာထားနေရင် ပြည်သာယာကြီးက နာမည်တခြား တိုင်းပြည်တခြား ဖြစ်စရာအကြောင်းတရားကို မရှိတာ။ ဉာဏ်လည်း နည်း၊ စေတနာလည်း မွဲတဲ့ကောင်တွေ။ လုပ်ရပ်တွေပဲကြည့်လေ။ ကျနော်ပြောတာ လွန်သလားလို့။

ကဲ မကြာခင် အီးကောက်ပွဲကြီး ကျင်းပတော့မှာမို့ အနံ့မနံရလေအောင် ဘေးရန်ကင်းပြီး လေကောင်းလေသန့်ရတဲ့နေရာ နေဖို့ အကြံပြုပါတယ်ခင်ဗျာ။ ပြည်သာယာမှာ အီးနံ့ကင်းဝေးရေး ရက်သတ္တပတ်အဖြစ် မနက်ဖြန်ကစပြီး သတ်မှတ်ကြစို့လားဗျာ။ အီးပုံက ကြီးကြီး၊ သေးသေး အနံ့ကတော့ တထောင်းထောင်းဖြစ်မှာအဲဗျို့။ တိုင်းသူ ပြည်သားအပေါင်း အီးကောက်သူအဖြစ်မှ ကင်းဝေးပါစေ။

မောင်ကောက်တေး